ဇွန် ၊ ၁၇
အင်္ဂလန် လက်ရွေးစင် အသင်းအတွက် နေရာအသစ်မှာ ကစားခဲ့ရပေမယ့် ဘာအခက်အခဲမှ မကြုံခဲ့သလို သက်တောင့်သက်သာ ရှိလွန်းတယ်လို့ ခံစားမိကြောင်း လီဗာပူး နောက်ခံလူ ထရန့် အလက်ဇန္ဒား အာနိုးလ်က ပြောကြားခဲ့ပါတယ်။
မော်လ်တာကို ၄-၀ နဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ ညာနောက်ခံ ကစားသမား အာနိုးလ်က တိုက်စစ်မှူးတွေ၊ ကွင်းလယ်လူတွေ ဝတ်ဆင်လေ့ရှိတဲ့ ကျောနံပါတ် ၁၀ ကြီးနဲ့ ပွဲထွက်လာတဲ့နောက် ပရိသတ်တွေ ဇဝေဇဝါ ဖြစ်ကုန်ကြပါတယ်။ သူဟာ ဒက်ကလန်ရိုက်စ်၊ ဂျော်ဒန်ဟန်ဒါဆင်တို့နဲ့အတူ ၃ ယောက်တန်း ကွင်းလယ်မှာ ပါဝင်ပြီး တိုက်စစ်ကို အဓိက ပံ့ပိုးသူအဖြစ် ကစားသွားရာမှာ ခြေစွမ်းပြခဲ့ပြီး ၂၅ ကိုက် အကွာက သေသပ်လှပတဲ့ ကန်ချက်နဲ့ ဂိုးပါ သွင်းသွားခဲ့ပါတယ်။
အလက်ဇန္ဒား အာနိုးလ်ဟာ လီဗာပူးလ်မှာ ကွင်းလယ်လူ အနေနဲ့ ရံဖန်ရံခါ ကစားလေ့ ရှိပေမယ့် အခုပွဲမှာလိုမျိုး ကွင်းလယ်တိုက်စစ် နေရာမျိုးနဲ့ကတော့ အတော်လေး အလှမ်းဝေးပါတယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမားက အခုနေရာသစ်မှာ သူ့အနေနဲ့ များများစားစား မကစားခဲ့ဖူးကြောင်း၊ ဒါပေမဲ့ ပုံမှန် နေရာလို့ ခံစားရပြီး သက်တောင့်သက်သာ ရှိခဲ့ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။
သူဟာ အသင်းမှာ ပုံမှန် ပွဲထွက် ကစားသူတဦး ဖြစ်ချင်ပြီး နေရာသစ်မှာ သတ်သတ်မှတ်မှတ် ဖြစ်လာမယ် ဆိုရင်လည်း မဆိုးလှကြောင်း၊ ဒါပေမဲ့ မန်နေဂျာက သူ့ကို ကွင်းလယ် တိုက်စစ်မှာ အမြဲသုံးမလား ဆိုတာကတော့ ပြောဖို့ စောလွန်းနေသေးကြောင်းလည်း အလက်ဇန္ဒား အာနိုးလ်က ဆိုပါတယ်။
အင်္ဂလန်ဟာ ၂၀၂၄ ခုနှစ်၊ ဥရောပဖလား ခြေစစ်ပွဲစဉ် အနေနဲ့ မော်လ်တာကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် ဘာအခက်အခဲမှ ကြီးကြီးမားမား မရှိဘဲ အသာစီးယူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အခုရလဒ်ကြောင့် အင်္ဂလန်ဟာ ခြေစစ်ပွဲ အုပ်စု (ဂ)မှာ ၃ ပွဲကစား၊ ၃ ပွဲနိုင်ပြီး ပြတ်ပြတ်သားသား ဦးဆောင်ခွင့် ရနေခဲ့ပါတယ်။