သရက်ချောင်းမြို့နယ်က စစ်ရှောင်တွေ ရိက္ခာပြတ်လို့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေကိုဦး စားပေးကျွေးနေရ

ဇွန်၊ ၁၆
 
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးတာနဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသူတွေဟာ ရိက္ခာပြတ်လပ်လို့ ခိုလှုံရာနေရာတွေမှာ ပေါက်ရောက်တဲ့ သီးပင်၊ စားပင်တွေကို စားနေကြရတယ်လို့ အဲ့ဒီစစ်ရှောင်တွေက ပြောကြပါတယ်။
 
” မရှိတော့ဘူး၊ စားစရာကို မရှိတော့တာ၊ ပြန်လည်း မပြန်ရဲကြဘူး ရွာကို၊ ကျန်တာ မစိုးရိမ်ပါဘူး ဒီမှာ နို့တိုက်မိခင်တွေ ပါတယ်၊ ကလေးငယ်တွေ၊ အဘိုးအို၊ အဘွားအိုတွေ ပါတော့ မစားလို့ အဟာရပြတ်လပ်သွားမှ ပိုဒုက္ခရောက်မှာကို စိုးရိမ်နေရတာ ” လို့ တိမ်းရှောင်နေရတဲ့ ညောင်ပင်ကုန်း ကျေးရွာသားတဦးက ပြောပါတယ်။
 
စစ်ရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ ခေတ္တနေထိုင်ရာ တလျှောက်က သီးပင်စားပင်တွေကို စားသောက်နေရပြီး ကျန်ရှိတဲ့ စားနပ်ရိက္ခာကို သက်ကြီးရွယ်အို၊ နို့တိုက်မခင်တွေ၊ ကလေးတွေနဲ့ ကိုယ်အင်္ဂါ မသန်းစွမ်းသူတွေကိုသာ အဓိကထား ကျွေးမွေးနေတယ်လို့ ဆိုပါတယ်။
 
သရက်ချောင်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ မေလ အကုန်ပိုင်းကနေစပြီး ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်နေသလို စစ်ကောင်စီက ကျေးရွာတွေထဲ ဝင်ရောက်စီးနင်း မီးရှို့မှုတွေ လုပ်နေတာကြောင့် ဒေသခံ ခြောက်ထောင်ဝန်းကျင် တိမ်းရှောင်နေရကာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
 
လက်ရှိမှာ စစ်ရှောင်နေရတဲ့ ကျေးရွာပေါင်း ၁၁ ရွာရှိပြီး အဲ့ဒီဒေသခံတွေထဲက မြို့ပေါ်ကို တိမ်းရှောင်နိုင်ခဲ့သူတွေက အခက်အခဲနည်းပါးပေမယ့် မြို့ပေါ်ကို ရောက်မလာနိုင်ဘဲ စစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ဒေသခံတွေကတော့ ရိက္ခာ၊ ဆေးဝါးနဲ့ နေစရာ အမိုးအကာတွေ လိုအပ်နေကြတာလို့ ဆိုပါတယ်။
 
” ကျွန်တော်တို့က ၆ရက် နေ့ကတည်းက မြို့ပေါ်ကို တိမ်းရှောင်လာတာ၊ ကျွန်တော်တို့ မြို့ပေါ်က လူတွေကတော့ အဆင်ပြေပေမယ့် မြို့ပေါ်အထိ မလာနိုင်တဲ့ ကျေးရွားသားတွေကကျတော့ အဲ့မှာ ပိတ်မိနေကြတာ ” လို့ သရက်ချောင်းမြို့ပေါ်ကို စစ်ရှောင်လာတဲ့ ရငဲရွာဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ သရက်ချောင်းမြို့နယ်အတွင်းကို စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး စစ်ကြောင်းတကြောင်းမှာ အင်အား ၁၅၀ လောက် ပါဝင်တယ်လို့လည်း ဒေသခံစစ်ရှောင်တွေက ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီစစ်ကြောင်းတွေဟာ ကျေးရွာတွေကို ဝင်ရောက်ချိန်မှာ နေအိမ်တွေကို ဖျက်ဆီးတာ၊ ဒေသခံ ကျေးရွာသားတွေကို ဖမ်းဆီးနှိပ်စက်ပြီး လူသားဒိုင်းအဖြစ် အသုံးပြုတဲ့အပြင် လမ်းပြအဖြစ် ခေါ်ဆောင်သွားတာတွေလည်း ရှိတဲ့အတွက် လက်ရှိမှာ ကျေးရွာကို မပြန်ရဲကြဘူးလို့လည်း ဆိုပါတယ်။
 
သရက်ချောင်းမြို့ရဲ့ တောင်ဘက် မိုင်နှစ်ဆယ်၊ သုံးဆယ် ဝန်းကျင်အကွာက မင်းဒပ်ကျေးရွာ အုပ်စု၊ ရငဲကျေးရွာ အုပ်စု၊ ကနက်သီရိကျေးရွာ အုပ်စု၊ ကညင်ချောင်း ကျေးရွာအုပ်စု၊ ကျွဲမင်းကုန်း ကျေးရွာအုပ်စု တွေထဲက ကျေးရွာဒေသခံတွေဟာ အခုလဆန်းပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ သိရပါတယ်။
 
” စစ်ကြောင်းတွေက တောက်လျှောက်ထိုးနေတာ၊ ရွာသားတွေ ရွာထဲဝင်လာရင်လည်း ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးနှိပ်စက်တာတွေ ရှိနေတော့ ဘယ်သူမှ မသွားရဲဘူး၊ ဘယ်မှာမှလည်း စားသောက်ဖို့က ဝယ်မရဘူး၊ အဲ့တော့ အခု အရမ်းကို ခက်ခဲနေကြတယ်၊ စစ်ရှောင်တုန်းက နိုင်သလောက် ယူသွားတာတွေလည်း မရှိတော့သလို၊ ဘယ်ကမှလည်း အထောက်အပံ့မရတော့ အရေးပေါ်ကို လိုအပ်နေတာ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ဒီကနေ့မနက်ပိုင်းကလည်း ရငဲရွာအနီးမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့သလို စစ်ကောင်စီတပ်က ရငဲရွာထဲက နေအိမ်တချို့ကို မီးထပ်ရှို့ခဲ့သေးတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်း ဇွန်လ ၁၄ ရက်ကတော့ ဝဲရစ်ရွာခံ အသက် ၈၀ ကျော်အရွယ် အဘိုးအိုတဦး ရုတ်တရက် အမောဖောက်ပြီး သေဆုံးခဲ့ပါတယ်။
 
ဓာတ်ပုံ – CJ