ကလေးမြို့နယ်မှာ လက်နက်ကြီးကျည်ထိလို့ ဘကကျောင်းသားတဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ဇွန်၊ ၁၆
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ဘက် သာစည်ကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ ဇွန် ၁၆ ရက် မနက်ပိုင်းကနေ နေ့လယ်ပိုင်းအထိ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် သာစည်ရွာ ဘက ကျောင်းက ကလေးတဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ လက်နက်ကြီးက ရွာထဲတွေရော၊ ရွာအနောက်ဘက် ယောတိုက် ဘုန်းကြီးကျောင်းထဲကိုလည်း ကျတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ သေဆုံးထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေရဲ့ အသက်အရွယ်နဲ့ နာမည်တွေကိုတော့ မသိရသေးပါဘူး။
 
ကလေးမြို့ လေဆိပ်နဲ့ သုံးမိုင်ဝန်းကျင်အကွာ အိမ်ခြေတထောင်လောက်ရှိတဲ့ သာစည်ရွာ အလယ်ပိုင်းမှာ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတကျောင်းရှိပြီး ရွာထဲက ကလေးငယ်အများစု အဲ့ဒီကျောင်းမှာ တက်ရောက်ပညာသင်ကြားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” ကျောင်းသားဦးရေ တရာတော့ ကျော်တယ်၊ လက်နက်ကြီးထိတာမှာ ကလေးသုံးယောက်အပြင် ကျန်ထိခိုက်မှုတွေလည်း ရှိနိုင်သေးတယ်၊ တရွာလုံး ပြေးနေကြရတော့ မသိနိုင်သေးဘူး ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ကလေးမြို့ အခြေစိုက် စစ်ကောင်စီတပ်က သာစည်ကျေးရွာဘက်ကို ဒီကနေ့ မနက် ၁၀ နာရီကျော်ကနေ မွန်းလွဲ ၁ နာရီနီးပါးအထိ လက်နက်ကြီးတွေနဲ့ ဆယ့်ငါးချက်ကျော် ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီရဲ့လက်နက်ကြီးကျည်တွေဟာ သာစည်ရွာလယ် ဘက ဘုန်းကြီးကျောင်းထဲကို ကျရောက်ပေါက်ကွဲ ခဲ့သလို ရွာအနောက်ပိုင်း ယောတိုက်ဘုန်းတော်ကြီးကျောင်း ထဲကိုလည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ရွာထဲက နေအိမ်အချို့လည်း လက်နက်ကြီးကျည် ထိမှန်တာတွေ ရှိတယ်လို့ ကနဦးသိရပြီး ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
 
ဒီကနေ့ သာစည်ကျေးရွာ တဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို မြေပြင်စစ်ကြောင်း ကလည်း ရွာထဲကို ဝင်ရောက်စီးနင်းခဲ့ပြီး သာစည်ရွာက မိသားစုထမင်းဆိုင်နဲ့ လမ်းမကြီးဘေးက နေအိမ်တလုံးကို မီးရှို့ ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းတွေ မကြာမကြာဝင်ရောက်တတ်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိတာ တွေကြောင့် သာစည်ကျေးရွာ ဒေသခံတချို့ဟာ ဧပြီလကတည်းက နေရပ်စွန့်ခွာ တိမ်းရှောင် နေကြရတယ်လို့ သိရပါတယ်။
 
ဒီကနေ့မှာလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုး လာတာကြောင့် သာစည်ကျေးရွာက ပြည်သူတွေ ရွာလုံးကျွတ် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ သီတင်းပတ် ဇွန်လ ၉ ရက်ကလည်း ကလေးမြို့နယ်တောင်ပိုင်း ရေလဲဦးကျေးရွာ ဘက်ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ စစ်ရှောင်အမျိုးသမီးတဦး သေဆုံးပြီး အမျိုးသားတဦး ဒဏ်ရာရ ခဲ့ပါသေးတယ်။
 
ဒါ့အပြင် သာစည်ရွာ အနီးမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေလည်း ဖြစ်ခဲ့ကြဖူးပါတယ်။
 
ဓာတ်ပုံ – google