မန္တလေးက ရွှေဆိုင်နဲ့ ရွှေသန့်စင်လုပ်ငန်း ၁၂ ခုက ပိုင်ရှင်တွေကို စစစ က ဖမ်းဆီးစစ်ဆေးနေ

ဇွန်၊ ၁၆
 
မန္တလေးမြို့က ရွှေရောင်းဝယ်ရေး လုပ်ကိုင်သူနဲ့ ရွှေသန့်စင်ရေး လုပ်ငန်း ဆောင်ရွက်တဲ့ လုပ်ငန်း ၁၂ ခု ပိုင်ရှင်တွေကို စစ်ကောင်စီ လက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)က ဇွန်လ ၁၅ ရက်က မနေ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
 
“ မနေ့တုန်းက ရွှေလုပ်ငန်းရှင် ၁၂ ဦးကို ခေါ်သွားတာပေါ့။ ဘာအတွက်ကြောင့် ဖမ်းတယ် ဘာညာတော့ မပြောဘူးပေါ့၊ သူတို့ စစ်ဖို့ခေါ်သွားတာပါ။ စစစ ရုံးမှာ စစ်နေတယ်လို့ ကြားတယ်။ ပြန်လွတ်ပေး မပေးတော့ မသိရသေးဘူး။ အဓိကတော့ ရွှေစျေးကို ကျဖို့အတွက် သူတို့ လုပ်တာထင်တယ် “ လို့ ရွှေလုပ်ငန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) ရုံးမှာ ဖမ်းဆီးခံထားရတဲ့ ရွှေလုပ်ငန်းရှင် ၁၂ ဦးဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပေမယ့် နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်တွေ ပါဝင်သလို ရွှေစျေးကစားတွေ စစ်ဆေးတွေ့ရှိပါကာ အရေးယူခံရနိုင်တယ်လို့ ရွှေလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
 
မန္တလေးမြို့စည်ပင်သာယာ နယ်နိမိတ်အတွင်းက ရွှေဆိုင်တွေနဲ့ ရွှေသန့်စင်လုပ်ငန်းတွေကို ဒီလ ၁ ရက်နဲ့ ၂ ရက်က စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက စစ်ဆေးခဲ့ပါသေးတယ်။
 
အဲဒီလိုစစ်ဆေးရာမှာ ငွေကြေးခဝါချတာနဲ့ ရွှေစျေးကစားရင် အရေးယူတာတွေ လုပ်ဆောင်မယ်လို့ သတိပေးခဲ့အပြီး နှစ်ပတ်ခန့်အကြာမှာ အခုလို ရွှေဆိုင်ပိုင်ရှင်တွေနဲ့ ရွှေသန့်စင်လုပ်ကိုင်သူတွေကို ဖမ်းဆီးစစ်ဆေးတာလည်း ဖြစ်ပါတယ်။
 
မနေ့က ရွှေဆိုင်လုပ်ငန်းရှင်တွေ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် မီးလင်းအခေါက်ရွှေ တကျပ်သားတုံးတွေကို ၃၀၅၀၀၀၀ (သိန်းသုံးဆယ်ငါးသောင်းကျပ်) စျေးနဲ့ စတင်ရောင်းချပေးမယ်လို့ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ကြေညာထားပါတယ်။
 
ရွှေစျေးနှုန်းတွေ တည်ငြိမ်ကျဆင်းစေရေးအတွက်ဆိုကာ အသင်းသားတွေကလွဲရင် ဒီကနေ့နေ့လယ် ၁၂ နာရီမှာ စတင်ပြီး အသင်းရုံးမှာ မည်သူမဆို လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်လို့လည်း အဲဒီကြေညာချက်မှာ ဆိုထားပါတယ်။
 
“ ရွှေအသင်းရုံးက အခုလိုထုတ်ရောင်းတာက ရွှေစျေးကျအောင် လုပ်တဲ့ ဘောပဲ လေ။ အခုက စျေးက အပြင်မှာ သိန်းသုံးဆယ်ကျော်လောက် ရောက်နေတော့ အဲဒါကို ချဖို့ လုပ်နေကြတာပါ “ လို့ သူကပြောပါတယ်။
 
အလားတူပဲ ဒီလ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)က ရန်ကုန်မြို့က ရွှေကုန်သည် ကိုးဦးနဲ့ ဒေါ်လာ အရောင်းအဝယ်ပြုလုပ်သူ လေးဦးကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ခဲ့ပါသေးတယ်။
 
ရွှေစျေးနှုန်းကျဆင်းဖို့ ရည်ရွယ်ပြီး ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးနေပေမယ် လက်ရှိစျေးကွက်အတွင်း ရွှေစျေး ကျ၊ မကျကို စောင့်ကြည့်ရဦးမယ်လို့ ရွှေလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ကတော့ မီးလင်းရွှေ တကျပ်သားကို နှစ်ဆယ့်သုံးသိန်းတသောင်းသုံးရာနဲ့ ဒီကနေ့ ရည်ညွန်းစျေး ကြေညာထားပေမယ့် လက်ရှိပြင်ပရွှေစျေးဟာ အခေါက်ရွှေတကျပ်သားကို ၃၁ သိန်းကျော်အထိ ရှိနေတာပါ။
 
စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလမှာ အမေရိကန်တဒေါ်လာကို ၁၈၀၃-၁၉၅၈ ကျပ်၊ ရွှေတကျပ်သားကို ၁၃ သိန်းကျော် ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာ ရွှေတကျပ်သား ၃၅ သိန်းနဲ့ တဒေါ်လာကို ၄၁ဝဝ ကျပ်ဝန်းကျင်အထိ အမြင့်ဆုံး စျေးတက်ခဲ့ပါသေးတယ်။
 
အာဏာသိမ်းစစ်အစိုးရဟာ ဒေါ်လာစျေးနဲ့ ရွှေစျေး မြင့်တက်လာတိုင်း စျေးကစားသူတွေကြောင့်လို့ စွပ်စွဲပြောကြားပြီး အခုလိုဖမ်းဆီးမှုတွေ မကြာခဏပြုလုပ်လေ့ရှိပေမယ့် စျေးနှုန်းတွေဟာ အကျမရှိဘဲ အတက်ဘက်သာ ဦးတည်နေတာပါ။
 
ဓာတ်ပုံ – Social Media