ထီးလင်းမှာ တိုက်ပွဲဖြစ်ရာက PDF နှစ်ဦးကျဆုံး၊ တဦးဖမ်းဆီးခံရ

ဇွန်၊ ၁၆
 
မကွေးတိုင်း၊ ထီးလင်းမြို့နယ်မြောက်ပိုင်းက အုန်းတွဲရွာ မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ မနေ့က နေ့လယ်ပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ရာက PDF နှစ်ဦး ကျဆုံးပြီး တဦး ဖမ်းဆီးခံရသလို နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီမြို့နယ်အခြေစိုက် ယောတော်လှန်ရေးတပ် (YRA)တပ်ဖွဲ့ခေါင်းဆောင် သခင်ဇော်က DNA ကို ပြောပါတယ်။
 
“ ကျေးရွာထဲမှာ ရှိတဲ့ စကစတွေကို ချောင်းမြောင်းတိုက်ခိုက်နိုင်ဖို့ ရွာကို ချဥ်းကပ်ခဲ့တယ်ဗျ၊ အဲ့ချိန်မှာ သူတို့ဘက်က အသင့်စောင့်ဆိုင်းနေတဲ့ ကင်းပုန်းတွေနဲ့ ကျွန်တော်တို့တပ်စိတ်တစိတ် ထိတွေ့မှုဖြစ်တယ်၊ ထွက်သွားတဲ့ စစ်ကြောင်းကလည်း ထီးလင်းမဝင်ဘဲ ပြန်လှည့်ပြီး ဆုတ်လမ်းတက်လမ်း ပိတ်ပြီး နှစ်ဖက်ညှပ်တိုက်တာ ခံလိုက်ရတာ ” လို့ သူကပြောပါတယ်။
 
ထီလင်းမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ အင်အား ၁၅၀ လောက်နဲ့ ဇွန် လ ၁၄ ရက်မှာ အုန်းတွဲရွာကို ဝင်ရောက်ညအိပ်ခဲ့ပြီး ရိက္ခာနဲ့ ရွာထဲက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူကာ နောက်တရက်မနက်ပိုင်းမှာ ထီးလင်းမြို့ဘက် ပြန်ဆုတ်ခဲ့တယ်လို့ သိရပါတယ်။
 
အုန်းတွဲရွာကနေ စစ်ကောင်စီစစ်ကြောင်း ထွက်ခွာသွားပြီးနောက် အဲ့ဒီစစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ဖို့ ထွက်လာတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ အုန်းတွဲဘုရားကုန်း အနီးမှာ စစ်ကောင်စီရဲ့ နောက်ချန်ကင်းပုန်းတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ သခင်ဇော်က ရှင်းပြပါတယ်။
 
အဲ့ဒီတိုက်ပွဲမှာ YRA ထီးလင်းတပ်ဖွဲ့က တပ်သား ဝင်းကိုနိုင် နဲ့ တပ်စုမှူး ဝေယံလင်း တို့ ကျဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တပ်သား ပြည်ဖြိုးအောင်က စိုးရိမ်ရဒဏ်ရာရခဲ့ပြီး နောက်ထပ်တဦးကတော့ မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
 
တပ်သား ဆန်းဦး ဆိုသူကတော့ ဖမ်းဆီးခံလိုက်ပြီး သူ့ရဲ့အခြေအနေကို မသိရသေးဘူးလို့ သခင်ဇော်က ပြောပါတယ်။ စစ်ကောင်စီနဲ့ နှစ်ဖက်ထိတွေ့ တိုက်ပွဲအတွင်း M4 မောင်းပြန် ရိုင်ဖယ် သေနတ်တလက် ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
 
စစ်ကောင်စီက စစ်ကြောင်းထိုးလာတာနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာကြောင့် အုန်းတွဲရွာနဲ့ အနီးတဝိုက် ရွာလေးရွာလောက်က ဒေသခံ ၁၅၀၀ ကျော် ဘေးလွတ်ရာတွေကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
 
ထီးလင်းမြို့အခြေစိုက် ခလရ (၅၀) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒေသတွင်းကျေးရွာတွေကို မကြာမကြာ စစ်ကြောင်းထိုး စီးနင်းလေ့ရှိပြီး ရွာအတွင်း နေအိမ်တွေထဲက ရိက္ခာနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ယူသွားလေ့ရှိပါတယ်။
 
ဓာတ်ပုံ – YRA