မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လက်ပန်းကုန်း၊ ဆယ်ဇင်းကုန်း နဲ့ ကိုးပင်ရွာအနီးမှာ သတ်ဖြတ်ခံထားရတဲ့ သံဃာတပါးနဲ့ အမျိုးသား ငါးဦး စုစုပေါင်းခြောက်ဦးရဲ့ ရုပ်အလောင်းကို နှစ်ရက်ဆက်တိုက် တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သေဆုံးသူတွေဟာ ဇွန်လ ၁၅ ရက် မနေ့က သုံးဦးနဲ့ ဇွန်လ ၁၄ ရက်မှာ သံဃာတပါးအပါအဝင် သုံးဦး စုစုပေါင်း ခြောက်ဦး ဖြစ်တယ်လို့လည်း ဒေသခံတွေနဲ့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေကလည်း ဖော်ပြကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်မနေ့က နေ့လယ် ၁၁ နာရီလောက်မှာ သပိတ်ကျင်းမြို့နယ်၊ ကိုးပင်ကျေးရွာအနီး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား သုံးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ အသတ်ခံရတဲ့ သုံးယောက်က အဲဒီရွာက ဒေသခံတွေမဟုတ်ဘူး။ စခတွေက မိုင်းထောင်ဖို့ သူတို့ကို ဖမ်းလာတာလို့ ကြားတယ်။ ကြာညှပ်ရွာမှာ စကစ ရဲစခန်းလည်း ရှိသလို ခွေးတွေလည်း ရှိတယ်။ အဲဒီဖက်ကနေ ကားနဲ့ထွက်လာပြီး သတ်ပစ်လိုက်တာပေါ့။ သေနတ်သံ ငါးချက်လည်း ကြားရလိုက်ရတယ်။ အလောင်းတွေက်ို စကစ ကပဲ ပြန်သယ်သွားတယ် “ လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသား သုံးဦးဟာ အသက် ၂၅ နှစ်၊ ၃၀ နှစ်နဲ့ ၄ဝ နှစ် အရွယ်တွေ ဖြစ်ကြပြီး တဦးစီမှာ ဦးခေါင်းနဲ့ နောက်ကျောတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်စီ တွေ့ရတယ်လို့ စစ်ကောာင်စီထောက်ခံတဲ့ တယ်လီဂရမ်တွေမှာ ဆိုထားကြပါတယ်။
ဒါ့အပြင် ဒီလ ၁၄ ရက် ကလည်း ကိုးပင်ကျေးရွာ မန္တလေး- ဗန်းမော်သွား ကားလမ်းဘေးမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သံယာတပါး အပါအဝင် အမျိုးသား သုံးဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရတဲ့ အမျိုးသားနှစ်ဦးမှာ လက်ပန်ကုန်းကျေးရွာနေ အသက် ၅၇ နှစ်အရွယ် ဦးမောင်သောင်း ဆိုသူနဲ့ ဆယ်ဇင်းကုန်း ကျေးရွာနေ အသက် ၅၇ နှစ်အရွယ် ဦးဟန်ညွန့် ဆိုသူဖြစ်ပြီး ကျန်တဦးကတော့ အသက် ၆၀ အရွယ် ဦးဇင်းမြင့်ဦး ဆိုသူ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ ဦးဇင်းကတော့ စကစနဲ့ နီးစပ်သူလို့ ကြားတယ်။ သူက လူထွက်ပြီး အုပ်ကြီးလုပ်မယ်လို့တောင် ပြောတာပေါ့။ ကျန်တဲ့နှစ်ယောက်ကတော့ သေချာမသိဘူး။ PDF က လုပ်တာလိုလို စကစ လုပ်တာလိုလို ပြောနေကြတယ်။ သေချာတော့ မသိရဘူး “ လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးတဲ့ သံဃာတော်ဟာ သက်တော် ၆၀၊ ဝါတော် ဆယ်ဝါရှိပြီး မန္တလေး-ဗန်းမော်လမ်းအရှေ့ဘက်၊ တဖာလုံခန့်အကွာမှာရှိတဲ့ ယာယီတဲမှာ တပါးတည်း သီတင်းသုံး နေထိုင်နေတာဖြစ်တယ်လို့သတင်းဌာနအချို့က ဖော်ပြထားပါတယ်။
ဒါ့အပြင် သေဆုံးသူ ဦးဇင်းမြင့်ဦးရဲ့ သားဖြစ်သူဟာလည်း စစ်ကောင်စီက ဖွဲ့ပေးထားတဲ့ အရပ်သားလက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တဦးဖြစ်ကာ မကြာသေးခင်က လပိုင်းက အသတ်ခံခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဦးဇင်းမြင့်ဦးဆိုသူ အလောင်းကို သေနတ်ဒဏ်ရာတွေနဲ့ ကိုးပင်ကျေးရွာအနီးမှာ ပြန်တွေ့ရသလို ကျန် အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းကို လက်ပန်းကုန်း ကျေးရွာ နဲ့ ဆယ်ဇင်းကုန်း ကျေးရွာကြား မန္တလေး-ဗန်းမော် သွားကားလမ်း မိုင်တိုင် အမှတ် ၃၃ နဲ့၃၄ ကြားမှာ ပြန်လည်တွေ့ရှိခဲ့ရပြီး လည်ပင်း၊ ဝမ်းဗိုက်နဲ့ ရင်ညွှန်နေရာတွေမှာ ဓားဒဏ်ရာတွေ ရှိတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။
ဦးမောင်သောင်းနဲ့ ဦးဟန်ညွန်ကို ဇွန်လ ၁၄ ရက် မနက်ပိုင်းက အမည်မသိအမျိုးသား ရှစ်ဦးက သူတို့နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခံရပြီးနောက် အခုလို သတ်ဖြတ်ခံရတာဖြစ်သလို စစ်ကောင်စီနဲ့ နီးစပ်သူတွေက PDF တွေ လုပ်ဆောင်တာလို့ စွပ်စွဲထားပါတယ်။
အဲဒီအမျိုးသားနှစ်ဦးကတော့ စစ်ကောင်စီနဲ့ နီးစပ်သူတွေလို့ ဒေသခံတွေက ပြောဆိုနေကြပေမယ့် ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်တာ မရှိသေးသလို DNA ကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်အတွင်း သေဆုံးခဲ့တဲ့ အရပ်သား ၈,၆၄၀ ဦးထက်မနည်း ရှိခဲ့ပြီး၂၀၂၃ ခုနှစ်၊ ပထမငါးလအတွင်း သေဆုံးသူ ၇၄၈ ဦးရှိတယ်လို့ မြန်မာမဟာဗျူဟာနဲ့ မူဝါဒါလေ့လာရေး အင်စတီကျူ ( ISP Myanmar ) က မနေ့က ထုတ်ပြန်ထားပါတယ်။