မန်ချက်စတာ ယူနိုက်တက်ကို ကာတာသူဌေးတွေ ဝယ်ယူရေးကိစ္စ အစုအဖွဲ့ တချို့နဲ့ ဆက်ညှိနေရဆဲ

ဇွန်၊ ၁၆

မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ကာတာ စီးပွားရေး လုပ်ငန်းရှင်တွေက ဝယ်ယူမယ့် ကိစ္စဟာ အလားအလာ တိုးတက်လာပေမယ့် အစုအဖွဲ့ တချို့နဲ့ ဆက်လက် ညှိနှိုင်းနေရဆဲလို့ ဆိုပါတယ်။

အသင်းကို ပိုင်ဆိုင်တဲ့ အမေရိကန် သူဌေးတွေဖြစ်တဲ့ ဂလေဇာ မိသားစုတွေဆီ ကမ်းလှမ်းမှုတွေ အဆင့်ဆင့် ပြုလုပ်ပြီးခဲ့တဲ့နောက် ဘဏ်လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး ဂျာဆင်မ် ဘင်ဟာမက် အယ်လ်သာနီ ဦးဆောင်တဲ့ ကာတာ အစုအဖွဲ့ဟာ ဇွန်လ ၁၅ ရက်မှာ အသင်းနဲ့ သီးသန့် ဆွေးနွေးမှုတွေ စတင်ခဲ့ပါတယ်။

 ဒီအခြေအနေအရ အဓိက ပြိုင်ဘက် ဆာ ဂျင်မ်ရက်ကလစ်ဖ်ကို အယ်လ်သာနီတို့ အဖွဲ့က အသာစီးယူပြီး ယူနိုက်တက်ကို ဝယ်ယူနိုင်တော့မယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ပိုမို အားကောင်းလာပါတယ်။ ဂလေဇာ မိသားစုရဲ့ ကြီးစိုးမှုအပေါ် စိတ်ပျက်နေတဲ့ ယူနိုက်တက် ပရိသတ်တွေကတော့ ကာတာ သူဌေးတွေနဲ့ အရောင်းအဝယ် ဖြစ်မြောက်ဖို့ မျှော်လင့်တကြီး စောင့်ဆိုင်းနေကြတာ တွေ့ရပါတယ်။

ဒါပေမဲ့ BBC သတင်းဌာနရဲ့ အဆိုအရ အယ်လ်သာနီတို့ဟာ ဂလေဇာတွေအပြင် နောက်ထပ် ဆက်စပ် အဖွဲ့အစည်း တော်တော်များများနဲ့ပါ ဆွေးနွေးရမယ့် အဆင့်တွေ ကျန်နေသေးတယ်လို့ သိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကာတာတွေရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နီးစပ်နေပြီဆိုတဲ့ ထင်ကြေးတွေက အားကောင်းနေဆဲ ဖြစ်သလို ရှယ်ယာစျေးကွက်မှာလည်း အသင်းတန်ဖိုးက ဆက်တိုက် မြင့်တက်သွားပြီး ပြန်မကျသလောက်ကို ဖြစ်နေပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက အယ်လ်သာနီလက်ထဲ ယူနိုက်တက် ရောက်သွားရင် အသင်းရဲ့ အမြင့်ဆုံး အောင်မြင်မှုတွေကို ပြန်လည် ယူဆောင်ပေးနိုင်မယ်လို့ ယုံကြည်နေခြင်းက စျေးကွက်အပေါ် အခုလို သက်ရောက်မှုတွေ ရှိလာစေခဲ့တာပါ။

ပရိသတ်တွေဆီက စိတ်ပျက်လက်ပျက် ဝေဖန်မှုတွေ၊ ဆန္ဒပြမှုတွေ အရမ်းမြင့်တက်လာတဲ့နောက် ဂလေဇာ မိသားစုက အသင်းကို လက်လွှဲရောင်းချပြီး အပြောင်းအလဲ အခြေအနေ တခုခုအတွက် စဉ်းစားတော့မယ်လို့ ကြေညာခဲ့တဲ့နောက် အယ်လ်သာနီနဲ့ ရက်ကလစ်ဖ်တို့က အပြိုင်ချိတ်ဆက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

 

Ref: BBC