ချန်ပီယံလိဂ် ဗိုလ်လုပွဲကြည့်ဖို့ ပရိသတ်တွေ ငါးမိုင် လမ်းလျှောက်ခဲ့ရတာကို မန်ချက်စတာ မြို့တော်ဝန် ဝေဖန်

ဇွန်၊ ၁၆

ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပို့ဆောင်ဆက်သွယ်ရေး အစီအမံတွေ မရှိတာကြောင့် ပရိသတ်တွေ ၅ မိုင်လောက် လမ်းလျှောက်ပြီး သွားအားပေးခဲ့ရတဲ့ ဖြစ်စဉ်အပေါ် မန်ချက်စတာ မြို့တော်ဝန်က ဝေဖန်သွားခဲ့ပါတယ်။

မြို့တော်ဝန် အန်ဒီ ဘန်ဟမ်က ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းပုံက စိတ်ပျက်စရာ ကောင်းလွန်းတယ်လို့ အတိအလင်း ဝေဖန် ထိုးနှက်သွားပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်ချက်စတာ စီးတီးက အင်တာမီလန်ကို ၁-၀ နဲ့ အနိုင်ရ ဗိုလ်စွဲသွားပြီး အဲဒီ ပွဲစဉ်ကို သွားရောက် အားပေးတဲ့ ပရိသတ် တော်တော်များများဟာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရဲ့ မြို့တော် ခန်းမနားကနေ ၅ မိုင်လောက် ကွာဝေးတဲ့ အက်တာတက်ခ် ဘောလုံးကွင်းကြီးဆီ လမ်းလျှောက်ပြီး သွားခဲ့ရကြောင်း သိရပါတယ်။

ရေဒီယို မန်ချက်စတာနဲ့ အင်တာဗျူးမှာ ဘန်ဟမ်က ပွဲစီစဉ်သူတွေဖက်က အခုလို ပျက်ကွက်မှုမျိုးဟာ လက်ခံနိုင်စရာ မရှိတဲ့ တာဝန်မဲ့မှုလို့ ပြောကြားခဲ့ပါတယ်။ UEFAဟာ ပရိသတ်တွေအတွက် အကြိုအပို့ ကိစ္စအပါအဝင် ဘာဆိုဘာမှ စီစဉ်ပေးမထားခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲ စီစဉ်သူတွေကြောင့် အင်္ဂလန် ကလပ်တွေရဲ့ ပရိသတ်တွေ စိတ်အနှောင့်အယှက် ဖြစ်ရတာ တကြိမ်တခါ ကိစ္စမျိုး မဟုတ်တော့ဘူးလို့လည်း သူက ဆိုပါတယ်။ ဥပမာ အနေနဲ့ မနှစ်တုန်းကလည်း လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်တဲ့ ဗိုလ်လုပွဲစဉ် မတိုင်ခင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က အမျိုးသား အားကစားကွင်းကြီး ရှေ့မှာ ရှုပ်ရှုပ်ထွေးထွေး အခြေအနေတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

UEFAကတော့ တူရကီမှာ ပရိသတ်တွေ ခရီးရှည် လမ်းလျှောက်ခဲ့ရပြီး အဆင်မပြေမှုတွေ ကြုံခဲ့ရတယ်ဆိုတဲ့ ဖြစ်စဉ်အပေါ် စုံစမ်း စစ်ဆေးသွားမယ်လို့ ပြောဆိုထားပါတယ်။

ဘန်ဟမ်က UEFAရဲ့ အစိတ်အပိုင်း တချို့မှာ ပြောင်းလဲမှုတွေ အမှန်တကယ် လိုအပ်နေပြီဖြစ်ကြောင်း၊ ဘယ်အပိုင်းတွေမှာ ညံ့ဖျင်း အားနည်းနေသလဲ ဆိုတာကို တိတိကျကျ ဖော်ထုတ်ဖို့ ပရိသတ်တွေဆီကလည်း အသံကျယ်ကျယ် ထွက်သင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

Ref: BBC