လစာတိုးတောင်းလို့ အလုပ်ထုတ်ခံရသူ ခုနစ်ဦးထဲက တဦးဖမ်းဆီးခံရပြီး ကျန်ခြောက်ဦး အဆက်အသွယ်ပြတ်နေ

ဇွန်၊ ၁၅
 
ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန် မှာရှိတဲ့ ဟိုစိမ့် အထည်ချုပ်စက်ရုံ က အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ခုနစ်ဦးဟာ လစာတိုးတောင်းမှုကို ဦးဆောင်ခဲ့ကြပြီးနောက် အလုပ်ထုတ်ခံလိုက်ရသလို တဦးဖမ်းဆီးခံလိုက်ရပြီး နောက်ထပ်ခြောက်ဦးလည်း တိမ်းရှောင်နေရတယ်လို့ အလုပ်သမားတွေက DNA ကိုပြောပါတယ်။
 
” အခုထိ သူနဲ့လည်း ဆက်သွယ်လို့ မရဘူး၊ သူနဲ့အတူ အလုပ်ထုတ်ခံထားရတဲ့ ကျန်အလုပ်သမားတွေလည်း တိမ်းရှောင်နေရလို့ ဆက်သွယ်မရကြတော့ဘူး ” လို့ အဲဒီစက်ရုံက အလုပ်သမားခေါင်းဆောင်တဦးက ပြောပါတယ်။
 
အဲ့ဒီစက်ရုံက အလုပ်သမားတွေကို ပေးချေနေတဲ့ လုပ်ခ ၄၈၀၀ ကျပ်အစား ၅၆၀၀ ကျပ် တိုးပေးဖို့ တောင်းဆိုခဲ့တဲ့ အလုပ်သမားတွေအနက် စက်ရုံအလုပ်သမားသမဂ္ဂဝင်တွေလည်းဖြစ်တဲ့ မသူသူစံ၊ မအေးသန္တာဌေး၊ မသန္တာအေး၊ မမေသူမင်း၊ ကိုအောင်အောင်၊ ကိုရဲနိုင်၊ ကိုရဲသွေးလှိုင် တို့ အခုလအတွင်း အလုပ်က ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
 
အဲ့ဒီအလုပ်သမား ခုနစ်ဦးကို အလုပ်ထုတ်တာနဲ့ ပတ်သက်လို့ စက်ရုံအတွင်း တည်ငြိမ်အေးချမ်းမှုကို ဆူပူမှုဖြစ်ပေါ်စေဖို့ ရည်ရွယ်ပြီး သွေးထိုးလှုံ့ဆော်တာ၊ စက်ရုံမှူးကို ခြိမ်းခြောက်ပြောဆိုတာ၊ ကုန်ထုတ်လုပ်မှု ကျဆင်းအောင် တမင်ရည်ရွယ်လုပ်ဆောင်တာ စတဲ့လုပ်ဆောင်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စက်ရုံဘက်က စွပ်စွဲပြီး အလုပ်က ထုတ်ပယ်လိုက်တာလို့ သိရပါတယ်။
 
အဲဒီလိုအလုပ်ထုတ်လိုက်တဲ့အပေါ် စက်ရုံလုပ်သားတွေက မကျေနပ်လို့ ဇွန် ၁၃ ရက်က လုပ်ငန်းခွင် မဝင်ဘဲ သပိတ်မှောက်ခဲ့ကြပြီး စစ်တပ်နဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေက လာရောက်ညှိနိူင်းခဲ့ကာ အလုပ်ထုတ်ခံရတဲ့ ကိစ္စကို ဇွန် ၁၄ ရက်မှာ မြို့နယ်ထွေအုပ်ရုံးမှာ ဖြေရှင်းပေးမယ်လို့ ချိန်းဆိုခဲ့ပါတယ်။
 
အဲ့ဒီလိုချိန်းဆိုထားတာကြောင့် သွားရောက်ခဲ့တဲ့ အလုပ်ထုတ်ခံ အလုပ်သမားတွေထဲက မသူသူစံကို စစ်ကောင်စီ လက်အောက်ခံ အရပ်ဝတ်ရဲတွေက ပြန်မလွှတ်ဘဲ ဖမ်းခေါ်ထားပြီး ဒီကနေ့ညအထိ အဆက်အသွယ်မရသေးဘူးလို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမား ခုနှစ်ဦး အလုပ်ထုတ်ခံရလို့ ဇွန် ၁၃ ရက်က စက်ရုံအလုပ်သမားတွေ လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက်ခဲ့ကြချိန်မှာ စစ်တပ်က စက်ရုံကို ရောက်လာပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ ခြိမ်းခြောက်တာတွေ ရှိခဲ့ပါတယ်။
 
အဲဒီလို စစ်တပ်ကိုခေါ်ပြီး အလုပ်သမားတွေကို ခြိမ်းခြောက်ဖိအားပေးဖို့ စက်ရုံက မြန်မာနိုင်ငံသား မန်နေဂျာ ဖြစ်သူက စီစဥ်တာလို့ အလုပ်သမားတွေက ယူဆနေကြပြီး ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စက်ရုံတာဝန်ရှိသူတွေနဲ့ အဆက်အသွယ်မရတာကြောင့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
 
လက်ရှိအခြေအနေတွေ ပေါ်ပေါက်မလာမီက အလုပ်ထုတ်ခံရတဲ့ စက်ရုံအလုပ်သမား သမဂ္ဂဝင်တွေနဲ့ စက်ရုံဘက်က တာဝန်ရှိသူတွေ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး လုပ်ခအဖြစ် တရက် ၅၆၀၀ ကျပ် တိုးမြှင့်သတ်မှတ်ပေးဖို့ သဘောတူညီချက် ရခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါပေမယ့် လစာ စာအိတ်မှာ ၄၈၀၀ ကျပ်နဲ့သာ တွက်ချက်ဖော်ပြပေးမှာဖြစ်ကာ လစာငွေကြေးကိုတော့ ၅၆၀၀ ကျပ်နှုန်းနဲ့ အပြည့်ပေးမယ်လို့ဆိုတာကြောင့် မကျေလည်မှုတွေ ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။
 
စက်ရုံတာဝန်ရှိသူတွေအနေနဲ့ အဲ့ဒီလိုလုပ်ပေးမယ်ဆိုတဲ့အကြောင်း ကတိပြုလက်မှတ်ထိုးပေးဖို့ အလုပ်သမားတွေဘက်က တောင်းဆိုရာက မကျေလည်မှုတွေ ဆက်ဖြစ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ စက်ရုံဝန်ထမ်းတဦးက ပြောပြပါတယ်။
 
ဓာတ်ပုံ – Social Media