ရန်ကုန်က ရွှေကုန်သည် ကိုးဦး နဲ့ဒေါ်လာဝယ်ရောင်း လေးဦးကို စစစ က ဖမ်းဆီးစစ်ဆေးနေ

ဇွန် ၊ ၁၅

ရန်ကုန်မြို့က  ရွှေကုန်သည် ကိုးဦးနဲ့ နိုင်ငံခြားငွေအရောင်းအ ဝယ်ပြုလုပ်သူ လေးဦးကိုစစ်ကောင်စီလက်အောက်ခံအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)က ဇွန်လ၁၄ရက် မနေ့ကဖမ်းဆီးစစ်ဆေးနေတယ်လို့ အဲ့ဒိဌာနရဲ့ အငြိမ်းစားဝန်ထမ်းတဦးကDNAကို ပြောပါတယ်။

“အားလုံး ၁၃ယောက်။ရွှေဘက်က ကိုးယောက်၊ဒေါ်လာဘက်က လေးယောက်။သူတို့ကလည်း သိပြီးသားပါ။ဒီလိုတွေဖြစ်လာရင် သူတို့ကို အရင်ဆုံးဖမ်းစစ်မယ်ဆိုတာ။အရင်တုန်းကတည်းကလည်း ဒီလိုပဲ စျေးတွေတက်လာပြီဆိုရင် အဲ့လိုနည်းနဲ့ပြန်ထိန်းတာပေါ့”လို့ အထူးစုံစမ်းစစိဆေးရေးဦးစီးဌာနရဲ့ အမည်မဖော်လိုတဲ့ အငြိမ်းစားဝန်ထမ်းတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ရွှေကုန်သည် ကိုးဦးနဲ့ဒေါ်လာရောင်းဝယ်သူ လေးဦးရဲ့အမည်စာရင်းတွေကို မသိရှိရသေးပေမယ် အဲ့ဒိဖမ်းဆီးခံရသူတွေကို စစ်ဆေးနေပြီး အမှုဖွင့်တရားစွဲနိုင်တဲ့အခြေအနေလည်းရှိတယ်လို့ သူကဆိုပါတယ်။

“ဖမ်းလိုက်ပြီဆိုကတည်း အမှုဖွင့်ဖို့ကသေချာသလောက်ရှိနေတယ်။ဒါကလည်း အချိန်တန်ပြီးသွားမှာပါ။အဓိကက စျေးနှုန်းငြိမ်အောင်လုပ်တာပါ”လို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရဲ့ အမည်မဖော်လိုတဲ့ အငြိမ်းစားဝန်ထမ်းတဦးက ဆက်​ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ရွှေဆိုင်အချို့ကို ခေါ်ယူစစ်ဆေးဖို့ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိရွှေစျေးဟာ ဇွန် ၁၅ရက်အထိ အခေါက်ရွှေတကျပ်သားကို ၃၁သိန်းခွဲနီးပါးအထိ မြင့်တက်လာနေပြီး စျေးနှုန်းကတော့ အပြောင်းအလဲရှိတယ်လို့ဆိုပါတယ်။

နိုင်ငံခြားငွေ အမေရိကန် တဒေါ်လာကို ၃၁၀၀ကျပ်၊စင်ကာပူဒေါ်လာ တဒေါ်လာကို ၂၁၉၀ကျပ်အထိ မြင့်တက်လာနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ရွှေနဲ့ဒေါ်လာ စျေးအဆမတန်မြင့်တက်တာကိုထိန်းသိမ်းနိုင်ဖို့ တဒေါ်လာကို ၂၁၀၀ကျပ်နဲ့ ရွှေတကျပ်သားကို ၂၃သိန်းနီးပါးသာ သတ်မှတ်ထားပါ။

စစ်တပ်ကအာဏာမသိမ်းခင် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလမှာ အမေရိကန်တဒေါ်လာကို ၁၈၀၃-၁၉၅၈ကျပ်၊ ရွှေတကျပ်သားကို ၁၃သိန်းကျော်ရှိခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလမှာ ရွှေတကျပ်သား၃၅သိန်းနဲ့တဒေါ်လာကို ၄၁၀၀ကျပ်ဝန်းကျင်အထိ အမြင့်ဆုံးစျေးတက်ခဲ့ပါသေးတယ်။