“ပြည်သူတွေစိုက်ခဲ့သမျှ ပြည်သူတွေသာရိတ်သိမ်းရမယ်”

ဇွန် ၊ ၁၅

မြန်မာနိုင်ငံသို့ တရုတ်ကွန်မြူနစ်ပါတီ မှ ထိပ်တန်းပုဂ္ဂိုလ်တဦးနှင့် တရုတ်အစိုးရမှ နိုင်ငံခြားရေးဝန်ကြီးတို့ လာရောက်ခဲ့တဲ့ခရီးစဥ်များကြောင့်မြန်မာနိုင်ငံရေးအလှုပ်အခတ်ဟာ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများမှာပါ ကြီးမားခဲ့ပါတယ်။

ထူးခြားမှု့ဖြစ်စဉ်များစွာထဲမှ ပထမဦးဆုံး သိသာထင်ရှားမှု့အနေနဲ့ နှစ်နှစ်ကျော်ကျော် သံကွန်ခြာအုပ်ထားသည့်နေပြည်တော်ကို တရုတ်အတွက်တော့ ဝင်ချင်သလိုဝင်၊ထွက်ချင်သလိုထွက်လို့ရသည့် ဈေးအိမ်သာအဆင့်ဖြစ်သွားခြင်းပင်ဖြစ်သည်။ကုလသမဂ္ဂနဲ့အာဆီယံကိုအံတုခဲ့တဲ့မင်းအောင်လှိုင်ကလည်းတရုတ်ရဲ့ဦးဆောင် မှု့ကိုပဲ လက်ခံပါမယ်လို့ ဦးညွတ်လိုက်ခြင်းပဲဖြစ်ပါတယ်။

“သွေးနားထင်ရောက်သွားတဲ့ အာဆီယံ”

မင်းအောင်လှိုင်ရဲ့တရားမဲ့ အာဏာသိမ်းမှု့နောက်ဆက်တွဲပြသနာတွေ ကို ကုလသမဂ္ဂ၊ အမေရိကန်နှင့် အနောက်အုပ်စုများက အာဆီယံခေါင်းပေါ်ပစ်တင်ပေးပြီး၊လက်ခုပ်တီးစောင့်ကြည့်အဆင့်မှာပဲထားခဲ့သလို၊အာဆီယံကိုယ်တိုင်လည်း စကစ ကိုအာဆီယံထိပ်သီးအစည်းအဝေးများတက်‌ရောက်ခွင့်မပေးခြင်းမှလွဲလို့အခြားထိရောက်သောလုပ်ဆောင်ချက်များမပြုလုပ်နိုင်ခဲ့ပါ။

အာဆီယံက “ငါတို့ဒေသတွင်းကပြသနာ ငါတို့ပဲရှင်းမယ်၊ ငါတို့ကိုင်တွယ်နိုငိတယ်၊ အခြားနိုင်ငံတကာ player တွေကို Key position မပေးဘူး”ဆိုတဲ့နိုင်ငံရေးမာန်တက်နေချိန်နဲ့နိုင်ငံတကာကလည်းမြန်မာနိုင်ငံရဲ့စစ်အာဏာရှင်ချီးထုပ်များကိုဖြစ်နိုင်သမျှ မတို့ချင်မထိချင်တဲ့ဆန္ဒရှိနေတာမို့ အာဆီယံကိုဝိုင်းမြှောက်ပေးခဲ့ကြပေမဲ့ နိုင်ငံရေးဖြေရှင်းမှု့ရလဒ်စိုးစဉ်းမျှမရခဲ့သည့်အပြင်၊လူသားချင်းစာနာမှု့အကူညီများကိုတောင်မှဖြောင့်တန်းအောင်၊မှန်ကန်‌အောင်ပေးအပ်နိုင်စွမ်းမရှိခဲ့ပါ၊

အာဆီယံဥက္ကဌ များအဖြစ် ဘရူးနိုင်းက ဘယ်ဆီနေမှန်းမသိခဲ့၊ ကမ္ဘောဒီးယားက အသံကျယ်သလောက် နောက်ဆုံးမှာ အလံဖြူထောင်ပြခဲ့ရပြီး၊အခုလက်ရှိ အင်ဒိုနီးရှားက အရင်လူများနဲ့မတူ တမူထူးခြားအသံတိတ် သံတမန်လှုပ်ရှားမှု့များဖြင့် အကွက်ဆန်းရိုက်နေပေမဲ့ မင်းအောင်လှိုင်ရဲ့ ပန်းပန်မပျက်၊မိတ်ကပ်လိမ်းမပျက်ကိုကြည့်ခြင်းအားဖြင့် အင်ဒိုနီးရှားသည်လည်း အောင်ဖျာလိပ် အညွှန်းကိန်းဘက်ကို

မြှားဦးပြ‌နေပြီလို့ဝေဖန်သံတွေထွက်ပေါ်စပြုလာပြီဖြစ်ပါတယ်၊

မကြာမီက ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာလဲ ထူးခြားတဲ့တောင်းဆိုချက်များ၊တိကျတဲ့လုပ်ငန်းစဉ်များ၊ အရေးယူဆောင်ရွက်နိုင်မှု့အခြေနေများ၊စသည့်အ‌ရေးတကြီးအကြောင်းအရာများတခုမှပါမလာသည့်အတွက်မြန်မာ့အရေးကိုအာဆီယံကကိုင်တွယ်ဆောင်ရွက်မှု့အပေါ်မှာ ယုံကြည်မှု့လုံးဝကင်းမဲ့ကုန်ကြပြီဖြစ်တယ်။

1.5 track အစည်းအဝေးတွေ တွင်ကျယ်လာခြင်းဟာ အာဆီယံကအလုပ်မဖြစ်တော့ဘူးဆိုတာကိုသွယ်ဝိုက်ရည်ညွှန်းပြသနေခြင်းပဲဖြစ်ပါတယ်၊အဲ့ဒီအစည်းအဝေးတွေက အာဆီယံဘုံသဘောတူညီချက်တွေကို အထောက်အကူဖြစ်စေရန်ရည်ရွယ်သည်ဟု မည်သို့ပင်ဆိုစေကာမူ၊” စစ်ကောင်စီကိုဖယ်ကျဉ်ထားရမယ်”ဆိုတဲ့အာဆီယံသဘောတူညီချက်တွေကို‌သွေဖီတဲ့ အဲ့ဒီ 1.5 track အစည်းအဝေးတွေကိုအာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ကပဲ ဦးဆောင်တက်ကြွစွာ ပါဝင်နေခြင်းပင်ဖြစ်ပါတယ်၊ အာဆီယံဟာ မြန်မာ့ အရေးကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့ထက် မြန်မာ့အရေးကြောင့်သူတို့အချင်းချင်း စိတ်ဝမ်းမကွဲဖို့ကို မနည်းလုပ်ဆောင်နေရတယ်လို့ နိုင်ငံတကာပညာရှင်များက ထောက်ပြပြောဆိုနေကြပါပြီ။

“နဂါးသုံးကောင် အမြှီးယမ်းပြီ”

ပြီးခဲ့တဲ့ တစ်လကျော်ကာလအတွင်း နေပြည်တော်မှာနှစ်သစ်ကူးချိန်မဟုတ်ပါပဲ တရုတ်နဂါးသုံးကောင် အမြီးယမ်းပြီး က လိုက်တာကြောင့်  မြန်မာ့နိုင်ငံရေးမှာငြိမ်သက်နေတဲ့ သံတမန်ရေးဂယက် လှိုင်းထလို့သွားပါတယ်၊

နှစ်နှစ်ကျော်ကာလအတွင်း အင်အားစုအသီးသီးကိုမြွေမသေ၊တုတ်မကျိုးဆက်ဆံခဲ့ပြီး၊ ဝင်ချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်ပုံရတဲ့ တရုတ်ကြီးကတော့ နေပြည်တော်ဌာနီဆီသို့လီဗာကိုခပ်ကြမ်းကြမ်းနင်းပြီးဝင်လာခဲ့ပါတယ်၊ အာဆီယံနဲ့နိုင်ငံတကာကို “မင်းတို့ဘယ်လောက်လုပ်လုပ်၊ မြန်မာအရေးဟာ ငါ့လက်ထဲမှာပဲရှိတယ်လို့” ပြသလိုက်ပုံရသလို၊ ပထွေးအသစ်ရှာချင်တဲ့ မင်းအောင်လှိုင်ကိုလည်း၊”ပထွေးအစစ်က ငါပဲ၊မမေ့နဲ့လို့ ” သတိပေးလိုက်ပုံရပါတယ်၊

မင်းအောင်လှိုင် ခမျာလည်း တရုတ်ကြီးမျက်နှာကောင်းရအောင် နိုင်ငံရေးအကျဉ်းသား (၂၁၅၃) ယောက်ကိုလွှတ်ပေးပြီး သေဒဏ်ကျ အကျဉ်းသား (၃၈)ယောက်ကို သေဒဏ်ကပယ်ဖျက်ပေးလိုက်ပါတယ် ၊ (၉)ဂဏန်းကိုသုံးလေ့ရှိတဲ့ စစ်အာဏာရှင်တွေဟာ ဒီတခါတော့ (၁၁)ဂဏန်းကိုသုံးပြီး (၁၁)မီး ကို အပူတပြင်းငြိမ်းချင်‌နေ ပုံရပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင်မှာ မီးပေါင်းစုံတောက်လောင်နေပြီလို့ အကဲခတ်များကသုံးသပ်နေကြပါတယ်။

တရုတ်ကြီးဟာရိုးရိုးတန်းတန်းမလာပဲ စာဖတ်ပြီး၊မုန့်ဟင်းခါးရောင်းနေတဲ့ အာဏာရှင်သက်ကြားအို

နှစ်ယောက်ကိုမိတ်ကပ်လိမ်းပြီး ဇာတ်ခုံရှေ့ကို ဆွဲထုတ်လာပါတယ်၊ ပရိတ်သတ်တွေအဖို့တော့ ဆဲပဲဆဲရမလား၊လက်ခုပ်ပဲထတီးရမလား ၊ဝေခွဲရခက်စေခဲ့ပါတယ်၊

သန်းရွှေ၊သိန်းစိန်နဲ့ မင်းအောင်လှိုင်ပုံပါတဲ့ ဖဲသုံးချပ်ကို ပဟေဠိပုစ္ဆာလုပ်ပြီး တရုတ်ကြီးပြန်သွားပြီးချိန်မှာတော့ ပြည်တွင်း၊ပြည်ပအားလုံးအတွက် တရုတ်ကြီးဇာတ်ညွန်း၊ဘာဖြစ်မလဲဆိုတာ ခေါင်းစား စရာဖြစ်လို့လာပါတယ်။

“နဂါးတွေ ဘယ်လဲ၊ဘာလဲ”

မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုများအနေနဲ့မြန်မာ့အရေးကို ခြေလှမ်းစိပ်စိပ် ဝင်‌ရောက်ကိုင်တွယ် လာတဲ့ တရုတ်တို့ရဲ့ရည်ရွယ်ချက်ကိုမှန်မှန်ကန်ကန်သုံးသပ်နိုင်ဖို့အရေးကြီးပါတယ်၊

တရုတ်တို့အနေနဲ့မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုများအတွက်ဝင်ရောက်ဖြေရှင်းခြင်းလား၊ သို့တည်းမဟုတ်

စကစရဲ့ အထိနာလာတဲ့အခြေအနေကိုဝင်ရောက်ကျားကန်ပေးတာလားဆိုတာဟာ ‌မေးခွန်းအဖြစ် ရှိနေသော်ငြားလည်း၊ သမိုင်းအဆက်ဆက်ကိုပြန်လှန်သုံးသပ်ကြည့်မယ်ဆိုရင် တရုတ်အစိုးရဟာ မြန်မာပြည်သူများနဲ့

မြန်မာ့ဒီမိုကရေစီအင်အားစုများဘက်မှ ရပ်တည်ပေးခဲ့တဲ့ သာဓကများဟာ မရှိသလောက်ရှားပါးခဲ့ပါတယ်၊

နွေဦးတော်လှန်ရေးအင်အားစုများ ဖိနှိပ်ခံနေရချိန်

တွင်တရုတ်၏အသံမှာတိတ်ဆိတ်နေပြီး၊ ယခု မင်းအောင်လှိုင်နဲ့အပေါင်းအပါများ ကျပ်တည်းချိန်ရောက်မှ တရုတ်ဟာ ကြားဝင်ပြီးထွက်ပေါက်ကိုဖန်တီးပေးတာဖြစ်တယ်လို့ အများစုက‌ဝေဖန်သုံးသပ်ကြပါတယ်၊ ထိုသုံးသပ်ချက်များသည်လည်း အကျိုးအကြောင်းဆက်စပ်လျှက်ရှိနေပါတယ်၊

တရုတ်တို့အနေနဲ့ FPNCC မှ အဖွဲ့ ခုနှစ်ဖွဲ့ ကိုတွေ့ဆုံပြီး စကစနှင့် တိုက်ပွဲများရပ်ဆိုင်းထားပြီး ငြိမ်းချမ်း‌ရေး ဆွေးနွေးပွဲများပြုလုပ်ရန်တိုက်တွန်းခြင်း၊ ယခုတဖန် မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သော AA၊ TNLAနဲ့ MNDAA အဖွဲ့များနှင့် တွေ့ဆုံ ပွဲဖြစ်အောင် ဖန်တီးပေးပြီးဆွေးနွေးပွဲများဖန်တီးနေခြင်းများသည်-

– တရုတ်နှင့်နယ်နမိတ်ခြင်းထိစပ်နေသော မြန်မာနိုင်ငံ၏အရှေ့မြောက်ဒေသတွင်ငြိမ်းချမ်းပြီးတိုက်ပွဲများမဖြစ်ပေါ်စေရေး၊

ထိုမှသာ စကစအတွက် ယင်းဒေသတွင် အဓိက စစ်အင်အားသုံးစွဲရန်မလိုပဲ၊ ထို‌ဒေသရှိ အင်အားများကိုထုတ်နုတ်၍ အညာဒေသနှင့် အခြားEROs များကို တိုက်ခိုက်ရန် အင်အားပံ့ပိုးနိုင်စေရေးနှင့် မြောက်ပိုင်းအဖွဲ့အစည်းများမှ လက်နက်နှင့်အခြားအထောက်အပံ့များ NUG နှင့်အခြားEROs များထံသို့ မရောက်ရှိစေရန် တရုတ်မှ ကြိုးပမ်းအားထုတ်လာသည်ဟု သုံးသပ်ကြသည်။

စကစအတွက် စစ်မျက်နှာများလျှော့သွားအောင်ကြိုးပမ်းပေးခြင်းသည် အညာဒေသနှင့်အခြား EROsများကို ချေမှူန်းရန်‌ အားပေးခြင်းဖြစ်သည်ဆိုခြင်းကိုတရုတ်တို့အနေနှင့် မသိပဲ မနေပါ၊ထိုသို့သိသိနှင့်ဆောင်ရွက်လာခြင်းကြောင့် တရုတ်ဟာ နွေဦးတော်လှန်ရေးအင်အားစုများအတွက် လာခြင်းကောင်းသော ဧည့်သည်မဟုတ်ဟု ကောက်ချက်ချရတော့မည်ဖြစ်သည်။

တရုတ်ကြိုးပမ်းထားသော မြောက်ပိုင်းအဖွဲ့နှင့်တွေ့ဆုံပွဲသည် မည်သည့်ရလဒ်မှ မည်မည်ရရမထွက်ပဲ နှစ်ရက်တာမျှကျင်းပပြီးအဆုံးသတ်သွားရပါတယ်၊တွေ့ဆုံပွဲမပြီးတပြီးမှာတင် MNDAA နှင့် စကစ တိုက်ပွဲများဖြစ်ပွားပြီး တရုတ်ကြီးမျက်နှာကို သင်္ကြန်မကျပဲအိုးမဲ သုတ်လိုက်ကြပြီး၊

တရုတ်အနေနှင့် သူမွေးထားတဲ့မျောက်ကိုဘယ်လိုပြန်ချောက်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

“NUG ရဲ့ဗျူဟာ ပြောင်းသင့်ပြီလား”

တရုတ်ရဲ့လတ်တလော ပြောင်းလဲလိုက်တဲ့ ဗျူဟာအခင်းအကျင်းကြောင့် NUG အပါအဝင်နွေဦးတော်လှန်ရေးအင်အားစုများအနေနှင့်လည်း တရုတ်နဲ့ဆက်ဆံရေးဗျူဟာများအပေါ် ပြန်လည်သုံးသပ်သင့်တယ်လို့ ဝေဖန်သံများကျယ်ကျယ်လောင်လောင်‌ပေါ်ထွက်လာပါတယ်၊ တရုတ်ဟာသူတို့ လိုအပ်ချက်အရ NUG ကို တရားမဝင်ထိတွေ့ဆက်ဆံထားသော်လည် ၊သူတို့ မလိုအပ် လျှင်အချိန်မရွေးဖြုတ်ချခဲ့နိုင်သည်ဆိုသော ယူဆချက်များကို ယခု ပြောင်းလဲလာသောတရုတ်၏သဘောထားကို ကိုးကား၍ သက်သေပြကြသည်၊

တကယ်တော့ နွေဦးတော်လှန်ရေးအင်အားစုများနဲ့ မြန်မာပြည်သူများဟာ အိမ်နီးချင်းကောင်းများမရခဲ့ကြပါဘူး ၊ ရန်သူရဲ့ရန်သူဟာမိတ်ဆွေဆိုတဲ့ ဖော်မျူလာဟာလည်း မြန်မာပြည်သူတွေအတွက်တော့မမှန်ကန်ခဲ့ပါဘူး၊ ဒီကနေ့ကမ္ဘာကြီးဟာ ရွာကြီးဖြစ်သွာပြီလို့ပြောနေချိန်မှာပဲနိုင်ငံအများစုဟာ အမျိုးသားအကျိုးစီးပွားဆိုတဲ့ခြံစည်းရိုးတွေနဲ့အခိုင်အမာကန့်သတ်၊ကာကွယ်လာကြပါတယ်၊ တချိန်တခါက ရှေ့ဆုံးတန်းမှာရှိနေခဲ့တဲ့၊ဒီမိုကရေစီ၊လူ့အခွင့်အရေးဆိုတဲ့စံနှုန်းတွေဟာ အမျိုးသားအကျိုးစီးပွားတွေရဲ့နောက်မှာမျက်စိ့သူငယ်၊နားသူငယ်ဖြစ်နေကြရတယ်လို့ ဝေဖန်သုံးသပ်လာကြပါတယ်၊

စကစ ဟာ လက်ငါးချောင်းအဂေအတွက်မပြည့်တဲ့ သူ့ရဲ့မဟာမိတ်တွေဆီက ထိရောက်တဲ့အကူညီတွေရနေချိန်မှာ နွေဦးတော်လှန်ရေးအင်အားစုများမှာတော့ သူတို့ရဲ့များပြားလွန်းလှတဲ့မိတ်ဆွေ၊မဟာမိတ်ဆိုသူများထံမှထိရောက်တဲ့အကူညီများမရခဲ့ပါ၊ထိုသိုသောအခြေနေများသည် လက်ရှိပကတိအရှိတရားများဖြစ်သောကြောင့် ၊စိတ်ဓါတ်ကျစရာအ‌ဖြစ်ရှု့မြင်၍ရသော်လည်း အခြားတဘက်မှပြန်လှန်သုံးသပ်မည်ဆိုပါက ယခု နွေဦးတော်လှန်ရေး၏စတင်ရာနှင့်လက်ရှိရရှိနေသော အောင်မြင်မှု့များသည် ပြည်တွင်း၊ပြည်ပရှိ မြန်မာပြည်သား၊မြန်မာပြည်ဖွားများ၏ စိတ်ရော၊ကိုယ်ပါ ရင်းနှီးမြှပ်နှံထားကြသည့်အောင်ပွဲများဖြစ်သလို၊မြန်မာပြည်သူများ၏အသွေးထဲအသားထဲကလာသောအမှီအခိုကင်းသောသမိုင်းသစ်အောင်ပွဲဖြစ်တယ်လို့ကမ္ပည်းထိုးခွင့်ရတော့မှာဖြစ်ပါတယ်၊

ဒါကြောင့်အမျိုးသားညီညွတ်ရေးအစိုးရနှင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအနေနဲ့မိမိတို့ကို နိုင်မြင်းများအဖြစ်နိုင်ငံတကာမှ အလေးဂရုပြုလာရန်အတွက်ပြည်သူများလိုက်ပါဆောင်ရွက်နိုင်သော မှန်ကန်သင့်မြတ်သည့်ဗျုဟာများချမှတ်ပြီး၊ထိရောက်သော ဦးဆောင်မှု့များနှင့်ချီတက်နေစဥ်၊လှုတ်ခပ်လာသော‌နိုင်ငံ‌ရေးအခင်းအကျင်းများကြောင့်တော်လှန်ရေးသတိကြီးမားစွာထားရန်လိုအပ်ပါကြောင်းအကြံပြုတိုက်တွန်းလိုပါသည်။

                                                   နွေဦးနွေ။