ဇွန် ၊ ၁၅
စစ်ကိုင်းမြို့ ၊ဆားတောင်တိုက်နယ်နဲ့ ပဒူနယ်က ဒေသခံတွေက စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရွာတွေကိုမီးရှို့နေတဲ့အတွက်ကြောင့် မြို့ပေါ်ကို အိမ်ငှါးနေထိုင်ရင်းစစ်ရှောင်တာတွေများလာတယ်လို့ စစ်ကိုင်းမြို့ပေါ်ရှိ ဒေသခံတွေကပြောပါတယ်။
“ အခုလောလောဆယ် စစ်ကိုင်းမြို့ပေါ်မှာ အိမ်ငှါးတွေက အရမ်းများတယ်။ ဆားတောင်ကလူတွေဆို ဒီဖက်ရောက်နေတာ အတော်တောင်ကြာနေပြီ။သူဟာနဲ့သူ နီးစပ်ရာတွေကို ငှါးနေကြတာပေါ့။ ပဒူကလူတွေလည်း ရှိတာပဲ။ ပိုက်ဆံတက်နိုင်တဲ့လူတွေကျတော့လည်း မြို့ပေါ်က အိမ်ကောင်းတွေတောင် ငှါးနေနိုင်တာရှိတယ်။ ဆားတောင်ဆိုရင် မြို့ပေါ်တောင်ပစ်ခတ်တာတွေရှိကြတော့ တချို့ကမနေရဲတော့ဘဲ စစ်ကိုင်းလာနေတာတွေရှိတယ် “ လို့ဒေသခံ တဦးကပြောပါတယ်။
လက်ရှိ စစ်ကိုင်းမြို့ပေါ်မှာ အိမ်ငှါးရမ်းခအနေနဲ့ တလ ကျပ် နှစ်သိန်း ဝန်းကျင်ကနေ ကျပ်ငါးသိန်းတန်အထိ စျေးရှိနေသလို ယခင်က ငှါးရမ်းမှုမရှိတဲ့ နေအိမ်တွေကိုပါ ငှါးရမ်းနေထိုင်တာတွေရှိသလို နီးစပ်ရာဆွေမျိုးတွေဆီနေထိုင်ကြတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
“ အိမ်ရှင်ဆိုတော့လည်း ဘယ်နယ်ကဘာညာမေးတာမျိုးတော့ရှိတာပေါ့။ ပဒူကမို့ ၊ဆားတောင်ကမို့အိမ်မငှါးတာမျိုးတော့ မဟုတ်ပါဘူး။ ဒါမျိုးကတော့ အနည်းကျဉ်းလည်းရှိနိုင်တယ် ။အရမ်းဇီဇာကြောင်တဲ့ အိမ်ရှင်တွေဆိုရင်လည်း သူတို့အလုပ်ရှုပ်မှာကြောက်လို့မငှါးတာမျိုးပေါ့ ။ဒါကလည်း အနည်းအကျဉ်းပါ ။အကုန်လုံးတော့ ဒီမှာငှါးနေကြတာပဲလေ “ လို့ စစ်ကိုင်းမြို့ခံ တဦးကပြောပါတယ်။
စစ်ကိုင်းမြို့ပေါ်ကိုအဲဒီလိုရွှေ့ပြောင်းငှါးရမ်းနေထိုင်တာဟာ လွန်ခဲ့တဲ့သုံးလေးခန့်ကတည်းက ရှိခဲ့ပြီးအဲဒီလိုပြောင်းရွှေ့နေထိုင်သူရာဂဏန်းရှိတယ်လို့လည်းဒေသခံတွေကပြောကြပါတယ်။
ဒီလ အစောပိုင်းတုန်းကလည်း စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက် တိလောကဂုရုချောင် ဘုန်းကြီးကျောင်းအတွင်းမှာ စစ်ရှောင်နေတဲ့ ပဒူဒေသခံ အမျိုးသား ငါးဦးကို စစ်ကောင်စီတပ်က PDF တွေ စွပ်စွဲပြီး ဖမ်းဆီးခဲ့သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပဒူတိုက်နယ်ရှိ ရဲစခန်းကို မေလ ၁၉ ရက်မှာ စစ်ကောင်စီစစ်ကြောင်းက တပ်စွဲခဲ့ပြီးနောက် မေလ ၂၂ ရက်မှာတော်လှန်ရေး တပ်ပေါင်းစုက အဲဒီရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်ကပဒူတိုက်နယ်ကကျေးရွာတွေကိုလက်ရှိအချိန်အထိ စစ်ကြောင်းထိုး မီးရှို့နေတဲ့အတွက် ဒေသခံ သောင်းချီလောက်က စစ်ရှောင်ကြနေကြရတာပါ။
အလားတူပဲ စစ်ကိုင်းမြို့နယ် စစ်ကိုင်း – မုံရွာကားလမ်းပေါ်က ဆားတောင်မြို့ပေါ် ကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးနဲ့ တော်လှန်ရေး ရဲဘော်တွေက ပြီးခဲ့တဲ့ရက်ပိုင်းကစျေးဝယ်ထွက်ပြခဲ့ပါတယ်။
အဲ့ဒီနောက်စစ်ကောင်စီတပ်က အဲဒီနယ်က ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေပါတယ်။
ဒီလ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်အင်အားတးာလောက်က ဆားတောင်မြို့ရဲ့ အနောက်ဘက်ရှိ သာဇင်ရွာ၊ အိုင်းဓမ္မနဲ့အင်းစ ရွာတွေကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါအပြင် စစ်ကောင်စီက ရွာတွေကို မီးရှို့နေတဲ့အတွက် သာဇင်ရွာက အသက်ခြောက်ဆယ်ကျော်အရွယ်အဘွားအိုတဦးလည်းမီးထဲပါပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၃ မေလအထိ မြန်မာတစ်နိုင်ငံလုံးမှာပြည်တွင်းနေရပ်စွန့်ခွါထွက်ပြေးရသူဦးရေဟာ ၁ ဒဿမ ၈သန်းကျော်အထိရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှု ပေါင်းစပ်ညှိနှိုင်းရေးရုံး ( UNOCHA ) ကထုတ်ပြန်ထားပါတယ်။
အဲဒီအထဲကမှာ ၁ ဒဿမ ၅ သန်းလောက်ဟာ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တိုက်ပွဲတွေကြား ထွက်ပြေးတိမ်းရှောင်ရသူတွေဖြစ်ပါတယ်။
Photo -CJ
ပုံစာ- စစ်ကိုင်းတိုင်း၊ဆားတောင်မြို့အနောက်ဘက်က သာဇင်ကျေးရွာကိုစစ်ကောင်စီတပ်က ဇွန်လ၁၃ရက်က မီးရှို့ဖျက်ဆီးထားတဲ့မြင်ကွင်းကိုတွေ့ရစဉ်။