ဇွန် ၊ ၁၅
နိုက်ဂျီးရီးယား နိုင်ငံမှာ မင်္ဂလာပွဲ တက်ရောက်သူ ဧည့်ပရိသတ်တွေကို တင်ဆောင်လာတဲ့ လှေတစီး တိမ်းမှောက် နစ်မြုပ်မှုကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။
ဇွန် ၁၃ ရက်က ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေခဲ့တဲ့ အခမ်းအနားဟာ ရုတ်တရက် အနိဋ္ဌာရုံအဖြစ် ပြောင်းလဲသွားပြီး လူပေါင်း ၁၀၀ ကျော် အသေအပျောက် ရှိခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။
နိုက်ဂျီးရီးယား နိုင်ငံ နယ်စပ်က နိုက်ဂျားမြစ်ထဲမှာ သစ်သားလှေပေါ် လူတွေ မတန်တဆ စုပြုံတက်နေကြရာက မတော်တဆ တိမ်းမှောက်မှု ဖြစ်ခဲ့တာပါ။ အခုဖြစ်ရပ်ဟာ နိုက်ဂျီးရီးယား နိုင်ငံရဲ့ ခေတ်သစ် သမိုင်းမှာ အဆိုးဆုံး စာရင်းဝင် ရေကြောင်း မတော်တဆမှု တခုလည်း ဖြစ်လာပါတယ်။
ဇွန်လ ၁၄ ရက် ညပိုင်းထိ အခြေအနေအရ အသေအပျောက် ၁၀၆ ဦးထိ ရှိလာပြီး ကလေးတွေ တော်တော်များများလည်း ပါဝင်တယ်လို့ သိရပါတယ်။ နောက်ထပ် လူပေါင်း ၁၄၄ ဦးထက် မနည်းကိုတော့ ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
လှေပေါ်မှာ လူဘယ်လောက်ထိ ရှိခဲ့သလဲ ဆိုတာကို တိတိကျကျ စာရင်းကောက်ယူဖို့ ခက်ခဲနေဆဲဖြစ်ပြီး သေဆုံးသူတွေရော၊ အသက်ရှင်လျက် ပျောက်ဆုံးနေသူတွေပါ ထပ်ရှိနေနိုင်သေးတယ်လို့ ကယ်ဆယ်ရေးတွေက ယုံကြည်နေပါတယ်။
မျက်မြင်တွေရဲ့ အဆိုအရ ဒေသတွင်းမှာပဲ တည်ဆောက်ထားတဲ့ လှေဟာ နှစ်ခြမ်းပါကွဲပြီး တိမ်းမှောက် နှစ်မြုပ်သွားခဲ့တာလို့ သိရပါတယ်။
နိုက်ဂျားနိုင်ငံနဲ့ နယ်စပ်မှာ လက်နက်ကိုင် စစ်သွေးကြွ အဖွဲ့တွေ သောင်းကျန်းနေတာကြောင့် ဒေသခံ အတော်များများဟာ ပွဲလမ်းသဘင်တွေ သွားဖို့ဆိုရင် ကုန်းလမ်းတွေကို အတတ်နိုင်ဆုံးရှောင်ပြီး ရေလမ်းခရီးကနေ သွားလာကြပါတယ်။ ဒါပေမဲ့ နိုက်ဂျီးရီးယားရဲ့ ပြည်တွင်း ရေကြောင်း သွားလာမှုတွေမှာ အဓိက မှီခို အားထားနေရတဲ့ လှေတွေဟာ ကြံ့ခိုင်မှုရော၊ ပြုပြင် အားနည်းမှု အပိုင်းပါ အားနည်းပြီး လူတွေလည်း မတန်တဆ တင်လေ့ရှိတာကြောင့် အခုလို အန္တရာယ်ဆိုးမျိုးကို လက်ယပ်ခေါ်သလို ဖြစ်နေပါတယ်။
နိုက်ဂျီးရီးယား သမ္မတ ဘိုလာ တီနူဘူက ဒေသခံ အုပ်ချုပ်ရေး ဌာနအနေနဲ့ အခုဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့သူတွေကို အစွမ်းကုန် ကူညီဖို့ ညွှန်ကြားထားသလို လှေတိမ်းမှောက် နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်း စတင်ဖို့ပါ အမိန့်ပေးထားကြောင်း သိရပါတယ်။