ဇွန် ၊ ၁၅
ရီးရဲလ်မက်ဒရစ် အသင်းဟာ ဘိုရပ်ရှားဒေါ့မွန် ကွင်းလယ်ကစားသမားလေး ဂျုဒ်ဘယ်လင်ဟမ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ တရားဝင် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။
ဂျာမန်ကလပ် ဒေါ့မွန်က အသက် ၁၉ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်ဟာ စပိန်ထိပ်သီး ရီးရဲလ်ဆီ ပြောင်းရွှေ့တော့မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ကတည်းက အတည်ပြုထားပါတယ်။ ဇွန် ၁၄ ရက်မှာတော့ ရီးရဲလ်က ယူရို ၁၀၃ သန်းတန် အပြောင်းအရွှေ့ကို တရားဝင် အထမြောက်စေခဲ့ပြီး ကစားသမားကို ၆ နှစ် စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။
ဒေါ့မွန်အသင်းက ဘယ်လင်ဂမ်ရဲ့ ပြောင်းရွှေ့ကြေးဟာ မြင့်မားတဲ့ ပမာဏ တခုမှာ တိတိကျကျ သတ်မှတ်ထားတာဖြစ်ပြီး ကစားသမားရဲ့ စွမ်းဆောင်ရည်အလိုက် လာမယ့် ၆ နှစ်အတွင်း ထပ်တိုး ဆုကြေးတွေလည်း ရရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒေါ့မွန်ရဲ့ အမှုဆောင်ချုပ် ဟန်းစ်ဂျိုအာချင်မ် ဝက်ဇ်ကီက အသင်းမှာ ၃ နှစ်ကြာအောင် ထူးကဲတဲ့ အချိန်တွေအတွက် အတူဖြတ်သန်းပေးခဲ့တဲ့ ဘယ်လင်ဂမ်ကို ကျေးဇူးတင်ကြောင်း ပြောကြားသွားပါတယ်။
ဘယ်လင်ဂမ်ဟာ ၂၀၂၀ ပြည့်နှစ်မှာ အင်္ဂလန်ကလပ် ဘာမင်ဂမ်ကနေ ဒေါ့မွန်ဆီ ပြောင်းရွှေ့သွားခဲ့ပြီး ၁၃၂ ပွဲထိ ကစားပေးခဲ့သလို ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာ့အဆင့် ကစားသမား တဦးအဆင့်ထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ သူဟာ ဒေါ့မွန် ကစားသမား ဘဝမှာ စုစုပေါင်း ၂၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂၅ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဘယ်လင်ဂမ်ဟာ မကြာသေးခင်ကမှ ဂျာမန် ဘွန်းဒစ်လီဂါ ပြိုင်ပွဲရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိထားပါတယ်။
သူ့ရဲ့ အနာဂတ် ရွေးချယ်မှုအတွက် ပျော်ရွှင်နေပေမယ့် ဒေါ့မွန်ကို ကိုယ်စားပြုခဲ့တဲ့ အချိန်တွေကိုလည်း ဘယ်တော့မှ မေ့မှာ မဟုတ်ကြောင်း၊ ဒေါ့မွန်အသင်း ဆက်လက်အောင်မြင်ဖို့ ဆန္ဒပြုပေးကြောင်း ဘယ်လင်ဂမ်က ဆိုပါတယ်။
ရီးရဲလ်ဟာ ဗြိတိန်ကျွန်းစု အခြေစိုက် ကစားသမားတွေထဲမှာ ၇ ဦးမြောက်အဖြစ် ဘယ်လင်ဂမ်ကို ခေါ်ယူခဲ့တာပါ။ အရင်တုန်းက လော်ရီ ကူနင်ဂမ်၊ စတိဗ် မက်မာနာမန်၊ ဒေးဗစ်ဘက်ဟမ်း၊ မိုက်ကယ်အိုဝင်၊ ဂျိုနသန်ဝုဒ်ဂိတ်နဲ့ ဂါရတ်သ်ဘေးလ်တို့လည်း ရီးရဲလ်ရဲ့ အဖြူရောင် ဂန္ထဝင် ဂျာစီကို ဝတ်ဆင်ခွင့် ရခဲ့ကြဖူးပါတယ်။