ဇွန်၊ ၁၄
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ရှိ ပျူစောထီး အမာခံရွာဖြစ်တဲ့ ဇီးဖြူကုန်း ကျေးရွာကနေ ထွက်ခွါလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ABSDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ မနက် ၇ နာရီ၊ ၂၀ မိနစ်မှာ တိုက်ခိုက်ခဲ့လို့ ငါးဦးထက်မနည်း သေဆုံးတယ်လို့ သိရပါတယ်။
အင်အား ၇၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ကို မင်းတိုင်ပင်ကျေးရွာနဲ့ ဇီးဖြူကုန်းကျေးရွာကြားမှာ ABSDF ကျောင်းသားတပ်မတော် ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး ပျူစောထီးနဲ့စစ်သား ငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ ပျူနဲ့ စစ်သား ငါးယောက်ကျတယ်။ ငါးယောက်ဆိုတာကလည်း ကျွန်တော်တို့ မျက်မြင်တွေ့တာကိုပဲ ပြောတာ။ အဓိက ကတော့ ငါးယောက်ထက်မနည်း ကျတာ ” လို့ ABSDF Colum 3 မှ ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။
ဇီးဖြူကုန်း ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး စုစုပေါင်း ၁၂၀ ခန့်ရှိပြီး ရွာထဲမှာ အင်အားငါးဆယ်ဝန်းကျင် ချန်ထားခဲ့ကာ ကျန်တဲ့အင်အားခုနှစ်ကျော်နဲ့ ထွက်လာတုန်း တိုက်ခိုက်တာလို့လည်း သိရပါတယ်။
“ အဓိကက သူတို့က ပျူစောထီးရွာတွေအတွက် ရိက္ခာပျက်လပ်နေတဲ့အတွက် ဆားလင်းကြီး၊ ယင်းမာပင် ဖက်ကနေ စစ်ကြောင်းထိုးလာပြီး ပျူရွာတွေအတွက် ရိက္ခာလာရှာတာပေါ့။ ကျွန်တော်တို့က သတင်းရလို့ ကြားဖြတ်တိုက်ခိုက်တာပါ “ လို့ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ထိခိုက်သေဆုံးသူတွေကို ပျူစောထီးရွာ ဇီးဖြူကုန်းရွာ ကို တပ်ဆုတ်ရင်း ပြန်လည်သယ်ဆောင်သွားတယ်လို့လည်း ကိုပြည့်ဖြိုးကျော်က ဆက်လက်ပြောကြားပါတယ်။
တိုက်ပွဲတိုက်ခိုက်စဉ််မှာဒေသခံတွေကို အထိခိုက်မခံချင်တာကြောင့် ပျူစောထီးရွာ ဇီးဖြူကုန်းနဲ့ မင်းတိုင်ပင်ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ABSDF (ကျောင်းသားတပ်မတော်) ချင်းတွင်းဒေသ တပ်ရင်းနဲ့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အထိခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အနီးအနားရှိ ကျေးရွာတွေက ဒေသခံတွေဟာ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ABSDF Column 3