မြိုင်မှာ ပျူစောထီးရွာကို ပီဒီအက်ဖ်၀င်တိုက်လို့ စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်း​သေ

ဇွန်၊ ၁၄
 
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကွပျူစောထီးကျေးရွာကို ၀င်စီးရာမှာ စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်း သေဆုံးပြီး ပီဒီအက်ဖ် တပ်ဖွဲ့ဝင်တဦး ကျဆုံးကာ တဦးဒဏ်ရာရခဲ့တယ်လို့ မြိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပီဒီအက်ဖ်) တပ်ရင်း ၁ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်နဲ့ ပျုစောထီး အင်အား ခုနှစ်ဆယ် နီးပါးရှိတဲ့ သရက်ကွ ပျူစောထီးကျေးရွာကို ဇွန်လ ၁၃ ရက်မနေ့က ညနေ့ ၅ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
 
“ တိုက်ပွဲဖြစ်တဲ့ချိန်မှာ စစ်ခွေးတကောင်က ဘန်ကာနားမှာ သေနတ်ထိပြီး လဲကျသွားတာ အဲ့ချိန်မှာ ကျွန်တော်တို့ ရဲဘော်က သေနတ်ပြေးကောက်တဲ့ချိန် ဟိုဖက်က ပစ်နေတော့ ကျည်ထိပြီး ကျသွားတာ။ နောက်တယောက်ကတော့ လက်မောင်းကိုပဲ ကျည်ထိသွားတာ မစိုးရိမ်ရဘူး။ ဟိုဖက်ကလည်း အနည်းဆုံး ၁၁ ကောင်လောက်တော့ ကျမှာပဲ “ လို့အဲဒီတာ၀န်ရှိသူက ပြောပါတယ်။
 
အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း (၁) တပ်ခွဲ (၃)၊ တပ်စိတ် (၂)နဲ့ (၄)၊ ဝံပုလွေအဖွဲ့၊ အညာမြေ အဖွဲ့၊ ဓါးမင်းကြီးအဖွဲ့၊ ပခုက္ကူ ခရိုင် တပ်ရင်း (၁၃) MVP အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
သရက်ကွ ပျူကျေးရွာအတွင်းသို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းနိုင်ခဲ့သော်လည်း မြိုင်မြို့ စီမံကိန်းရုံး အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ကူပေးတာကြောင့် ညနေ ၆ နာရီ ခွဲဝန်းကျင်မှာ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆက်လက်ပြောကြားပါတယ်။
 
နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ မြို့ထဲကို လက်နက်ကြီးနဲ့ ထုနေပြီး အနီးအနားက မိတ္ထီလာရွာက အရပ်သား ၁၇ ဦးကို ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။
 
“ ဖမ်းထားတဲ့ ၁၇ ယောက်ထဲက နှစ်ယောက် လွှတ်ပေးတယ်ကြားတယ်။ သေချာတော့ မသိရသေးဘူး ” လို့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
ဓာတ်ပုံ – မြိုင်ပကဖ