ဇွန်၊ ၁၄
စစ်ကောင်စီတပ်စစ်ကြောင်း ရွာထဲကနေ ထွက်သွားလို့ နေရပ်ပြန်လာကြတဲ့ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာက ဒေသခံတွဟာ စစ်ကြောင်းပြန်ထိုးမယ်ဆိုတဲ့ သတင်းတွေကြောင့် ဇွန်လ ၁၃ ရက်နေ့မှာ ပြန်လည်ထွက်ပြေး တိမ်းရှောင်လာခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၄၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကနက်သီရိ ရွာထဲကို ဇွန်လ ၈ ရက်နေ့က ရောက်ရှိလာခဲ့ပြီး နေအိမ် ၅ လုံးခန့်ကို မီးရှို့ခဲ့တဲ့အပြင် ရွာခံ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့တာပါ။
ဇွန်လ ၁၁ ရက် ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေ ရွာထဲကပြန်ထွက်သွားပြီး ဖမ်းထားတဲ့ သူတွေကိုလည်း ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဇွန်လ ၁၃ ရက် မနက်ပိုင်းမှာ ရွာခံတချို့ ရွာထဲပြန်ဝင်လာကြပေမယ့် ထွက်သွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက အင်အားဖြည့်တင်းနေတာကြောင့် အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ ရွာခံတွေ ဘေးလွတ်ရာ ပြန်လည်ပြောင်းရွှေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။
” ပြေးတာကတော့ အင်အားဖြည့်ပြီး ပြန်လာမယ် သတင်းကြားတာနဲ့ ပြန်ပြေးတာ၊ တကယ်လည်း ပြန်လာတာပဲ၊ လက်နက်ကြီးပစ်ပြီး ပြန်လာနေကြတာ၊ ရွာထဲကို လာ၊ မလာတော့ မသိဘူး၊ ရွာနဲ့ နီးတဲ့ ရငဲရွာ ဘက်တော့ ရောက်နေပြီ ” လို့ စစ်ရှောင်နေရတဲ့ ကနက်သီရိရွာခံ လူငယ်တဦးက DNA ကို ပြောပါတယ်။
ဒီကနေ့ ဇွန်လ ၁၄ ရက် မနက် ၁၀ နာရီလောက်မှာတော့ အင်အား ၁၅၀ ကျော်ရှိနိုင်တဲ့ အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ ကနက်သီရိရွာနဲ့ ၅ မိုင်လောက်ဝေးတဲ့ ထားဝယ်-မြိတ် ကားလမ်းမပေါ်က ရငဲကျေးရွာနဲ့ အနီးတဝိုက်ကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်လာတဲ့ ကနက်သီရိရွာခံတွေဟာ ကုန်းလမ်းကြောင်းကသွားရင် စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တွေ့နိုင်တာကြောင့် ရေလမ်းကနေပဲ ထွက်လာရတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် မိုးရေထဲ သွားလာနေရတာကြောင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ နေမကောင်းဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ လူငယ်တဦးက ပြောပါတယ်။
” အချို့ကလေးတွေဆို ဖျားနေကြပြီ၊ သက်ကြီးပိုင်းတွေအတွက်လည်း ကျန်းမာရေး စိုးရိမ်နေရတာ။ အခုတော့ ရွာထဲ ဘယ်သူမှ မကျန်တော့ဘူး။ ဒီမနက်မှ ထွက်ပြေးလာရတဲ့ လူတွေလည်း ရှိတယ်။ အခု ရောက်နေတဲ့ ရွာမှာက ကျနော်တို့ တရွာတည်းကလူတွေ မဟုတ်ဘူး၊ တခြားရွာကတွေပါ ရှိတယ်။ နေဖို့ ထိုင်ဖို့ရော၊ စားသောက်ဖို့ရော အခက်တွေ့နေကြတယ်။ လောလောဆယ် ကူညီပေးမယ့် အဖွဲ့တွေလည်း မရှိသေးဘူး၊ ရွာခံတွေကပဲ နိုင်သလောက်ကူညီပေးနေကြတယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၁၀ ရက်နေ့ကတည်းက ကနက်သီရိရွာအပြင် ရငဲရွာနဲ့ အခြား အနီးအနားရွာတွေကိုပါ စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်ဖမ်းဆီးမှုတွေ ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့လည်း ထိတွေ့ပစ်ခတ်မှုတချို့ ရှိခဲ့ပါတယ်။
အဲဒါကြောင့် ကနက်သီရိ၊ ရငဲ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ သိမ်ကုန်း၊ ဝဲရစ်၊ ကမြိုင် စတဲ့ အနီးအနားကျေးရွာက ဒေသခံတသောင်းနီးပါး အခုချိန်အထိ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။
ဓာတ်ပုံ – CJ
ပုံစာ – ရွာကနေ ပြန်ထွက်ပြေးလာရတဲ့ ကနက်သီရိရွာခံတွေ။