လုပ်ဖော်ကိုင်ဖက်တွေကို ပစ်သတ်ခဲ့တဲ့ ဂျပန် စစ်သား အဖမ်းခံရ

ဇွန်၊ ၁၄

လူနှစ်ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုနဲ့ ဆက်စပ်ပြီး ဂျပန် ပြည်စောင့်တပ် (SDF)ရဲ့ စစ်သားတဦးကို ဖမ်းဆီးလိုက်ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ 

အသက် ၁၈ နှစ်အရွယ် တပ်ဖွဲ့ဝင်ဟာ လုပ်ဖော်ကိုင်ဖက် သုံးဦးကို ဒဏ်ရာရသွားအောင် အော်တိုမက်တစ် သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း၊ အဲဒီထဲက နှစ်ဦးဟာ ဆေးရုံကို တင်ပို့ပေမယ့် ဒဏ်ရာ ပြင်းထန်လွန်းတာကြောင့် သေဆုံးသွားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး NHK သတင်းဌာနက ဆိုပါတယ်။

ဇွန် ၁၄ ရက် မနက်ပိုင်းက ဂျပန်အလယ်ပိုင်း၊ ဂီဖူဒေသမှာရှိတဲ့ ဟီနိုမြို့က သေနတ်ပစ်ကွင်း တခုမှာ ပေါ်ပေါက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဖမ်းခံထားရတဲ့ စစ်သားရဲ့ နာမည်ကို မထုတ်ပြန်သေးဘဲ ကနဦး အချက်အလက်တွေအရ သူဟာ သေနတ်နဲ့ ၈ ချက်ပစ်ခဲ့ကြောင်း ဖော်ထုတ် သိရှိထားပါတယ်။

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူဟာ အသက် ၅၀ ကျော် အမျိုးသားကြီး တဦးနဲ့ အသက် ၂၀ ကျော်အရွယ်တွေ ဖြစ်ပါတယ်။ ဖြစ်စဉ်မှာ အရပ်သားတွေ ထိခိုက်မှု မရှိခဲ့သလို ပြစ်မှုရဲ့ နောက်ကွယ်က အကြောင်းရင်းကိုလည်း အတိအကျ မသိရသေးပါဘူး။

ဂျပန်မှာတော့ သေနတ်ကိုင် မှုခင်းတွေဟာ ရှားပါးတဲ့ အခြေအနေ တခုလို့ သတ်မှတ်နိုင်ပြီး လက်နက် ကိုင်ဆောင်ခွင့် ဥပဒေတွေကိုလည်း တင်းကျပ်ထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ကတော့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးဟာ လူမြင်ကွင်းမှာ လက်လုပ်သေနတ်နဲ့ ပစ်ခတ်သူ တဦးရဲ့ လုပ်ကြံမှုကြောင့် အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

 

Ref: Reuters