ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က ကားလမ်းပိတ်လို့ ရိက္ခာပစ္စည်းအချို့ပြတ်လပ်

ဇွန်၊ ၁၄
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က မေလကုန်ပိုင်းကနေ ဂန့်ဂေါ-ကလေးလမ်းပိုင်းကို ပိတ်ထားတာ နှစ်ပတ်ကျော်ကြာလာတဲ့အတွက် တောင်ပိုင်းကျေးရွာတွေမှာ ရိက္ခာပစ္စည်းအချို့ ပြတ်လပ်နေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” ကြက်ဥတွေ၊ ကြက်သားတွေ မရတော့ဘူး။ ငါးခြောက်တွေရော၊ ခေါက်ဆွဲတွေရော။ ကုန်ခြောက်တွေ ပြတ်သွားပြီ။ လမ်းက ဘယ်လောက်ထိ ပိတ်မှာလဲ မသိဘူး။ လချီကြာမလား မသိဘူး ” လို့ ကလေးတောင်ပိုင်း ဒေသခံအိမ်ရှင်မတဦးက ပြောပါတယ်။
 
ကားလမ်းပိတ်တာကြောင့် ကလေးမြို့နယ်တောင်ပိုင်း တင်သား၊ ရှားဖို၊ အရှေ့စည်း၊ ဒိုးနွယ်၊ ကျောက်ဖူး စတဲ့ကျေးရွာတွေမှာ ကုန်ခြောက်ရိက္ခာပစ္စည်းတွေနဲ့ ကလေးမြို့ဘက်ကနေ နေ့စဉ်ပို့နေတဲ့ ကြက်ဥ၊ ကြက်သားတွေ ပြတ်လပ်နေတာဖြစ်ပါတယ်။
 
” ကြာဆံလက််ကျန်လေးတွေ မနေ့က ဆိုင်မှာရခဲ့တယ်။ ငါးခြောက်နည်းနည်းရတယ်။ ခုတော့ ဆိုင်တွေမှာ ကုန်သလောက်ဖြစ်သွားပြီ။ စျေးကတော့ တရာနှစ်ရာလောက် တင်ရောင်းတယ်။ ဆား၊ ငါးပိတွေတော့ အိမ်တွေမှာ ရှိကြပါသေးတယ် ” လို့ ကလေးတောင်ပိုင်းက နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ မေလကုန်ပိုင်းက စစ်ကောင်စီက ကလေးမြို့နယ်တောင်ပိုင်းကို လက်နက်ကြီးတွေနဲ့ ရက်ဆက်ပစ်ခတ်နေသလို ကလေးမြို့တောင်ဘက်ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ဇင်းကလင်းကျေးရွာမှာ အထိုင်ချထားတာကြောင့် ကားတွေသွားလာလို့မရဘဲ ဖြစ်နေတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
စစ်ကောင်စီတပ်ဟာ ကလေးမြို့တောင်ဘက် သုံးမိုင်အကွာခန့်က ဇင်းကလင်ကျေးရွာမှာ အထိုင်ချထားတာကြောင့် ကလေးမြို့တောင်ပိုင်း ရွာတွေအားလုံးနီးပါး ကလေးမြို့နဲ့ အဆက်အသွယ်ပြတ်တောက်နေတာ ဖြစ်ပါတယ်။
 
” ဇင်းကလင်းမှာ စစ်တပ်က အထိုင်ချတော့ စစ်ရေးတင်းမာနေတယ်။ စစ်တပ်က ကလေးမြို့ကို တောင်ဘက်က လာတဲ့သူတွေကို အဝင်မခံဘူး။ အဝင်မခံဘူးဆိုတာ တခါကြားရုံနဲ့ မသွားရဲကြတော့ဘူး။ သွားရင် ပစ်ခံရမှာ။ ကာကွယ်ရေးဘက်က တားထားတယ်ဆိုရင်တော့ သွားမိရင်တောင် ပြောပြီးပြန်လွှတ်တာမျိုး ရှိတယ်။ စစ်တပ်က ပိတ်တာဆိုတော့ မသွားရဲဘူး ” လို့ ကလေးမြို့တောင်ပိုင်း ဒေသခံတဦးက ပြောပါတယ်။
 
ကလေးမြို့နယ်တောင်ပိုင်း ကျေးရွာတွေမှာ ရိက္ခာအချို့ ပြတ်လပ်နေသလို ကလေးတောင်ပိုင်းနယ်နဲ့ ဆက်စပ်နေတဲ့ ဂန့်ဂေါမြို့ မြောက်ပိုင်းနယ်စပ်က ပျူစောထီး ကျေးရွာတွေဖြစ်တဲ့ ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်း ကျေးရွာတွေလည်း ရိက္ခာတွေ ပြတ်လပ်နေပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” သူတို့ရွာတွေက ပိုဆိုးတယ်။ ပိတ်တာလည်း ကျနော်တို့ရွာတွေထက် ကြာပြီ။ တလကျော်အနည်းဆုံးရှိပြီ။ သူတို့က သူတို့ရွာမှာကလွဲရင် တခြားရွာသွားလာလို့ မရဘူး။ ကျနော်တို့ပြတ်တာထက် ပိုဆိုးတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်း ကျေးရွားတွေဟာ ပျူစောထီး ကျေးရွာတွေဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်တွေရဲ့ နယ်မြေစိုးမိုးမူကြောင့် ဂန့်ဂေါမြို့ပေါ်ကို သွားလာလို့ မရတာ တနှစ်ခွဲကျော်လောက် ရှိပြီဖြစ်ပြီး အခုကလေးမြို့ကိုပါ သွားလို့မရတာ တလကျော်ပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာအပြင် မြို့တောင်ဘက် ဇင်းကလင်းမှာ အထိုင်ချထားတာကြောင့် ဇင်းကလင်း၊ ချင်းဆိုင်၊ ထိုမာ၊ ထောက်ကြံ့ စတဲ့ကျေးရွာတွေက အရပ်သားတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
 
ဒါ့အပြင် ကလေးမြို့နယ်မြောက်ပိုင်းကိုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် လက်ပံချောင်း၊ ပျဉ်းတောဦး၊ နန်းစောင်းပု၊ ချမ်းသာကြီး အစရှိတဲ့ကျေးရွာက အရပ်သားတွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” တအိမ်ကို တယောက်၊ တချို့လည်း နှစ်ယောက် အိမ်စောင့်ထားပြီး ကျန်တဲ့သူတွေက ရှောင်နေကြတာပါ ” လို့ ဒေသခံတဦးက ပြောပါတယ်။ 
ဓာတ်ပုံ – Social Media