ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကြောင့် ရုရှားက စေ့စပ်ညှိနှိုင်းဖို့ ကမ်းလှမ်းလာမယ်လို့ NATO အကြီးအကဲ ယုံကြည်

ဇွန်၊ ၁၄

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ အောင်မြင်မှုတွေ ရရှိပြီး ရုရှားကို စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းဆီ တွန်းပို့နိုင်မယ်လို့ ယုံကြည်ကြောင်း NATO စစ်မဟာမိတ် အကြီးအကဲ ဂျန်စ် စတိုလ်တန်ဘက်က ပြောပါတယ်။

အနောက် မဟာမိတ် နိုင်ငံတွေရဲ့ ဝိုင်းဝန်း ထောက်ပံ့မှုနဲ့အတူ ယူကရိန်းဟာ နိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းက နယ်မြေတွေကို သိမ်းပိုက်ထားတဲ့ ရုရှား ခြေကုပ်စခန်းတွေဆီ တန်ပြန်ထိုးစစ် အသစ် စတင် ဆင်နွှဲနေပါတယ်။ လတ်တလောမှာ အဲဒီ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်က ထင်သလောက် ကောင်းမလာသေးပေမယ့် ရုရှားလက်အောက် ရောက်နေတဲ့ ကျေးရွာတချို့ကိုတော့ ယူကရိန်း တပ်တွေက စတင် သိမ်းယူနေပြီ ဖြစ်ပါတယ်။

တဖက်မှာလည်း ယူကရိန်းအတွက် အနောက်နိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေ ဆုံးရှုံးတာမျိုး အတော်လေး ကြုံနေရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ စစ်ပွဲအတွက် ထိရောက်တဲ့ အလှည့်အပြောင်းတွေ ဖန်တီးလာနိုင်စေမယ်လို့ ယုံကြည်ထားကြောင်း NATOရဲ့ အထွေထွေ အတွင်းရေးမှူး စတိုလ်တန်ဘက်က ဆိုပါတယ်။

အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး အိမ်ဖြူတော်မှာ သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံစဉ်အတွင်း စတိုလ်တန်ဘက်က ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ အခြေအနေကောင်းပြီး ယူကရိန်းတပ်တွေက ရှေ့တိုး ချီတက်နေနိုင်ကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

ယူကရိန်း တပ်တွေက နောက်ထပ် နယ်မြေအသစ်တွေ သိမ်းပိုက်နိုင်လေလေ၊ ရုရှားကို​ ဆွေးနွေးပွဲ စကားဝိုင်းဆီ ဦးတည်လာအောင် တွန်းအားပေးနိုင်လေလေ ဖြစ်လာမယ်လို့လည်း သူက ဆိုပါတယ်။

စတိုလ်တန်ဘက်ဟာ အောက်တိုဘာလမှာ ရာထူးသက်တမ်းစေ့ပြီး နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။ သူ့ကို ဘိုင်ဒန်က အိမ်ဖြူတော်မှာ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပြီး စတိုလ်တန်ဘက် လက်ထက်မှာ NATOက ရုရှားရဲ့ ကျူးကျော်စစ်နဲ့ ပတ်သက်လို့ စီမံတုံ့ပြန်ခဲ့ပုံတွေက NATO မဟာမိတ်တွေကြား ပိုမို စည်းလုံးမှု တည်ဆောက်နိုင်စေခဲ့ကြောင်း ချီးကျူးစကား ပြောခဲ့ပါတယ်။

ဒီအတောအတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယူကရိန်းအတွက် လက်နက်ကြီးနဲ့ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ဖို့ နောက်ထပ် ဒေါ်လာ ၃၂၅ သန်း အသုံးပြုသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ယူကရိန်း လက်ရှိ ဆင်နွှဲနေတဲ့ တန်ပြန်ထိုးစစ် ဗျူဟာအရ လက်နက်ကြီး ယူနစ်တွေ လိုအပ်ချက် ကြီးကြီးမားမား ရှိနေတယ်လို့လည်း သိရပါတယ်။

 

Ref: Reuters