မော်လမြိုင် သံလွင်တံတားပေါ်မှာ စစ်ကားကဆိုင်ကယ်စီးလာသူတွေကိုဝင်တိုက်လို့ အရပ်သားတဦးသေဆုံး၊ နှစ်ဦး ပြင်းထန်ဒဏ်ရာရ

ဇွန်၊ ၁၃

မွန်ပြည်နယ်၊မော်လမြိုင်မြို့သံလွင်တံတားပေါ်မှာ ဒီကနေ့ မွန်းလွဲပိုင်းက စစ်ကားတစီးက ဆိုင်ကယ်နှစ်စီးကို ဝင် တိုက်လို့ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားတဦး နေရာမှာပဲသေဆုံးကာ နှစ်ဦးကတော့ ပြင်းထန်ဒဏ်ရာတွေ ရသွားတယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။

“စစ်ကားကမော်လမြိုင်ဘက်ကိုသွားတာ၊ အဲဒါ ကုန်ကားကို ကျော်တက်ဖို့ လုပ်တော့ ဟိုဘက်လမ်းက လာနေတဲ့ ဆိုင်ကယ် နှစ်စီးကို ဝင်တိုက်လိုက်တာ၊ တော်တော်ပြင်းတယ်၊သေသွားတဲ့တယောက်ဆို အရှိန်ဘယ်လောက် ပြင်း သလဲဆိုရင် တံတား အောက် တောင်ပြုတ်ကျသွားတာ၊ ဟိုနှစ်ယောက်ကလည်း ဒဏ်ရာအများကြီး ရသွားတယ်” လို့ သံလွင်တံတား အနီးမှာရှိတဲ့ မုတ္တမမြို့ခံတဦးက ပြောပါတယ်။

 ပေါင်မြို့နယ်ဘက်နေ မော်လမြိုင်မြို့ဘက်ကို မောင်းနှင်လာတဲ့ စစ်ကားတစီးဟာ သံလွင်တံတား(မော်လမြိုင်) မုတ္တမဘက်ခြမ်းအရောက်မှာ ရှေ့က သွားနေတဲ့ ခြောက်ဘီးကုန်တင်ယာဉ်ကို ကျော်တက်ချိန် တဖက်လမ်း ကြောင်းကလာတဲ့ ဆိုင်ကယ်နှစ်စီးကို ဝင်တိုက်မိခဲ့သလို စစ်ကားလည်းတိမ်းမှောက်သွားတယ်လို့သိရပါတယ်။

အဲ့ဒီစစ်ကားနဲ့တိုက်မိတာကြောင့် ဆိုင်ကယ်မောင်းနှင်လာတဲ့ အသက် ၃၅ နှစ်အရွယ်ကိုသိန်းသန်းဦးဟာ ခန္ဓာ ကိုယ် ပြတ်ရှဒဏ်ရာတွေနဲ့ တံတားအောက် ပြုတ်ကျသေဆုံးသွားတယ်လို့သိရပါတယ်။နောက်ထပ်နှစ်ဦးကတော့ ခြေလက်ကျိုး ပဲ့ဒဏ် ရာတွေ ရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ဆိုပါတယ်။

“သေသွားတဲ့သူက မုတ္တမကပဲ၊ သူက ကျောင်းကားမောင်းတယ်၊ ကျန်တဲ့နှစ်ယောက်ကဘယ်ကလဲမသိဘူး၊ ၄၀ ကျော်နဲ့ ၃၀ ဝန်းကျင်အရွယ်တွေပဲပေါ့နော်၊စစ်ကားက လူတင်လာတာမဟုတ်ဘူး၊မောင်းတဲ့သူတွေ နည်းနည်း ပါးပါးဒဏ်ရာရတာလောက်ပဲ ရှိတယ်ပြောတယ်ပေါ့နော်၊သိပ်ပြီး စိုးရိမ်ရတဲ့အခြေအနေတွေမဟုတ်ဘူး၊ ပွန်းပဲ့တာ လောက်ပဲ” လို့ အဲဒီ မုတ္တမမြို့ခံက ပြောပါတယ်။

ဒါ့အပြင် ဆိုင်ကယ်နှစ်စီးကို ဝင်တိုက်သွားတဲ့ ကားက အရှိန်ပြင်းတာကြောင့် တံတားလက်ရန်းဘောင်တချို့ ကို လည်းထိခိုက်ကာ ပျက်စီးသွား တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ သေဆုံးသွားတဲ့ သူရဲ့ ရုပ်အလောင်းကို မုတ္တမတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားပြီး ကျန်တဲ့ထိခိုက် ဒဏ် ရာ ရရှိခဲ့တဲ့ သူတွေကိုတော့ မော်လမြိုင်မြို့ ကုတင်(၃၀၀)စစ်ဆေးရုံကိုပို့ဆောင်ကာ ဆေးကုသပေး နေတယ်လို့ သိ ရပါတယ်။

photo CJ