ဇွန်၊ ၁၃
ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSAရဲ့ယာယီစစ်စခန်း (၁၀)ခုကို ဆုတ်ခွာပေးဖို့ စစ်ကောင်စီက နှစ်ကြိမ်တိုင်တိုင် သတိပေးပြီးနောက်နှစ်ဖက်စစ်အင်အားတွေဖြည့် တင်း ကာ လက်ရှိမှာ စစ်ရေးတင်းမာနေတယ်လို့ SSPP/SSA က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
“ကျွန်တော်တို့ကို လဲချား-ပင်လုံ မိုင်းနောင် လမ်းရဲ့ တောင်ဘက်ကနေ တပ်ဆုတ်ပေးဖို့ စစ်ကောင်စီဘက်က နှစ် ကြိမ်သတိပေးခဲ့ပါတယ်၊သူတို့ဘက်က စပစ်ရင်တော့ ခံစစ်အနေနဲ့ ကျွန်တော်တို့ဘက်ကလည်း အသင့်ပြင် ထား ပြီးဖြစ်ပါတယ်၊နုတ်ထွက်(တပ်ဆုတ်)ပေးဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး”လို့ SSPP/SSA အရာရှိတဦးကပြော တယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လဲချားမြို့နယ်အတွင်းက လဲချား-ပန်လုံလမ်းမကြီးရဲ့ တောင်ဘက်အရပ်ရှိ SSPP/SSA ယာယီစခန်း (၁၀) ခုကို ဆုတ်ခွာပေးဖို့ စစ်ကောင်စီက ဇွန်လ ၉ ရက်မှာ တကြိမ်၊ ဇွန်လ ၁၁ ရက်မှာ တကြိမ် သတိပေးအကြောင်း ကြား ပေမဲ့ SSPP/SSA က မနုတ်ထွက်ပေးတဲ့အတွက် စစ်ကောင်စီက အင်အားသုံးရာလောက်နဲ့ စစ်ကြောင်းထိုး လာ နေတယ်လို့ သိရပါတယ်။
SSPP/SSA ရဲ့ အဲဒီယာယီစခန်း (၁၀)ခုနေရာတွေဟာ စစ်ကောင်စီ ခိုလမ် တိုင်းစစ်ဌာနရဲ့ လုံခြုံရေးအတွက် အဓိကကျတဲ့ နေရာ ဖြစ်သလို SSPP/SSA ဌာနချုပ်ရဲ့ လုံခြုံရေးအတွက်လည်း အဓိက ကျတဲ့ နေရာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် အဲဒီစခန်းနေရာတွေဟာ SSPP/SSA ဌာနချုပ်ရှိရာ လမ်းကြောင်းကို စစ်ကောင်စီက အလွယ်တကူ အင် အားဖြည့်တင်နိုင်တဲ့ ပင်မဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့အတွက် နှစ်ဖက်တပ်တွေရဲ့ စစ်ရေးအရ အချက် အချာ ကျနေတယ်လို့ သိရပါတယ်။
အခုလို နှစ်ဖက် စစ်ရေးတင်းမာနေကြတဲ့အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံမေးမြန်းနိုင်ဖို့ SSPP/SSA တာဝန်ရှိသူတွေဆီ DNA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် ဆအက်အသွယ်မရသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း မိုင်းရှုး၊ မိုင်းနောင်မြို့နယ်ထဲရှိ SSPP/SSA တပ်စခန်းတွေကို ကားလမ်းရဲ့ မြောက် ဘက်ထိ တပ်ဆုတ်ပေးဖို့ စစ်ကောင်စီက သတိပေးတောင်းဆိုခဲ့ဖူးတယ်လို့သိရပါတယ်။
အဲဒီနောက် SSPP/SSA က တပ်မဆုတ်ပေးတာကြောင့် စစ်ကောင်စီက အင်အား ငါးထောင်ကျော်နဲ့ SSPP/SSA တပ်စခန်းတွေရှိရာ မိုင်းရှုးမြို့နယ်၊ တာဆပ်ပူး၊ ဟိုက်ပါ၊ ဝမ်လွေ၊ မိုင်းအတ်၊ ဝမ်ဆော့ကနေ မိုင်းနောင်မြို့နယ် မြို့ဟောင်အထိထိုးစစ်ဆင်ရာက သုံးလကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက တောင်ကြီး၊ လဲချား၊ မိုင်းနောင်ဘက်က စစ်ကြောင်း တကြောင်း၊ နမ့်စန်-ခိုလမ်ဘက်က စစ်ကြောင်း တကြောင်းနဲ့ ကာလိ-ကွန်ဟိန်းဘက်နေက ခိုလမ်ဘက်လမ်းကြောင်း တကြောင်း စတဲ့ လမ်းကြောင်း သုံးခုနဲ့ SSPP/SSA ဌာနချုပ်ကို ထိုးစစ်ဆင်ခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာ SSPP/SSA ရဲ့ ဌာနချုပ်ကို ခြိမ်းခြောက်နိုင်တဲ့ စစ်ကောင်စီရဲ့ ပင်မစစ်အင်အားဖြည့်တင်းရာ လမ်း ကြောင်းသုံးခုကို SSPP/SSA က ထိန်းချုပ်ထားတယ်လို့ဆိုပါတယ်။ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင် စီဘက်ကတော့ တစုံတရာ ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး။