NUG အစိုးရက မစ္စတာ ရှောင်တာနယ်ကို ကြားကာလဗဟိုဘဏ် အထူးအကြံပေးအဖြစ်ခန့်အပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG က သြစတေးလျနိုင်ငံသားစီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်ကို ကြားကာလဗဟိုဘဏ်ရဲ့ အထူးအကြံပေးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ဇွန်လ ၁၃ ရက် ဒီကနေ့မှာထုတ်ပြန်လိုက်ပါတယ်။

အဲဒီလိုခန့်အပ်တာကို ကြားကာလဗဟိုဘဏ်ဥက္ကဌ ဦးတင်ထွန်းနိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်(၁၊ ၂၀၁၃)အရ အပ်နှင်းထားတဲ့ အခွင့်အာဏာကိုကျင့်သုံးပြီး ခန့်အပ်တာဝန်ပေးတာလို့ ကြေညာချက်မှာပါရှိပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ NUG ဟာ ကြားကာလဗဟိုဘဏ်ကို အခုလ ဇွန် ၁ရက်ကမှ စတင်တည် ထောင်ခဲ့တာဖြစ်ပြီး စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းကို ဥက္ကဌအဖြစ် တာဝန်ပေး ထားတာဖြစ်ပါတယ်။

အဲ့ဒီကြားကာလဗဟိုဘဏ်ဟာ ဗဟိုဘဏ်တရပ်အနေနဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေကို အကောင် အထည်ဖော်ဖို့၊ဘဏ်နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်း လိုင်စင်လျှောက်ထားလာတဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီတွေကို စိစစ်ပြီး လုပ်ငန်းလိုင်စင်ထုတ်ပေးဖို့ စတဲ့ကိစ္စတွေကိုဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကြားကာလဗဟိုဘဏ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်ဖြစ်လာတဲ့ မစ္စတာရှောင်တာနယ်ရဲ့ လုပ်ငန်းတာဝန်တွေ နဲ့ ပတ်သက်လို့တော့ သူ့ကို ခန့်အပ်ကြောင်း ကြေညာချက်မှာ အသေးစိတ်ဖော်ပြထားတာမရှိပါဘူး။

စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာပဲ မစ္စတာရှောင်တာနယ်ကို နိိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နဲ့ အတူ ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီနောက် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေဥပဒေတွေချိုးဖောက်တယ်ဆိုပြီး ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ပေမယ့် နှစ်နှစ်နီးပါးကျခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်မှာ လွတ်မြောက်လာတာပါ။

နိိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွါးရေးအကြံပေးလည်းဖြစ်တဲ့  မစ္စတာ ရှောင်တာနယ်ကိုစစ်ကောင်စီက ခြွင်းချက်ခံဝန်ကတိနဲ့ အကျဉ်းထောင်ပြန်လွှတ်ပေးခဲ့သလို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

ဒါပေမယ့်စစ်ကောင်စီဟာ အကျဉ်းထောင်ကလွတ်လာတဲ့ မစ္စတာရှောင်တာနယ်ဟာ မြန်မာနိုင်ငံအကြောင်းကို လူမှုကွန်ရက်နဲ့ သတင်းမီဒီယာတွေမှာမမှန်မကန်ပြောကြားတယ်စွပ်စွဲချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကိုပြန်ရုပ်သိမ်းတယ်လို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်မှာထပ်မံကြေညာထားပါသေးတယ်။

မစ္စတာရှောင်တာနယ်ဟာ မိခင်သြစတေးလျနိုင်ငံရောက်တော့ အသိမ်မွေ့ဆုံးမြန်မာပြည်သူတွေကိုယုတ်မာရူးသွပ်သူတွေက အုပ်ချုပ်နေတဲ့အတွက် ယူကြုံးမရဖြစ်ရတယ်လို့ လူမှုကွန်ရက်မှာရေးသားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ မိသားစုနဲ့ ပြန်လည်ဆုံတွေ့ရလို့ဝမ်းသာပေမယ့် မြန်မာပြည်သူ ၅၃ သ န်းကတော့ သူတို့ကို ကိုယ်စားမပြုတဲ့ အုပ်ချုပ်သူတွေလက်ထဲမှာဒုက္ခဆက်လက်ခံနေကြရတယ်လို့လည်း ရေးသားခဲ့တာပါ။

၁၉၉၀ နှစ်တွေကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရင်းနှီးခဲ့တဲ့ မစ္စတာရှောင်တာနယ်ဟာ ၂၀၁၅ ခုနှစ်၊ ဒီချုပ်ပါတီ ရွေးကောက်ပွဲထပ်မံအနိုင်ရပြီး အစိုးရဖြစ်လာချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ စီးပွားရေးအကြံပေးအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။

မစ္စတာရှောင်တာနယ်ဟာ အရင်စစ်အစိုးရတွေနဲ့ သမ္မတဦးသိန်းစိန်လက်ထက်က ဆောင်ရွက်ခဲ့တဲ့ ချေးငွေနဲ့ လုပ်ဆောင်မယ့် စီမံကိန်းတွေကိုပြန်လည်သုံးသပ်တာ၊ ဗဟိုဘဏ်ပြုပြင်ပြောင်းလဲရေးနဲ့ ငွေလဲနှုန်းတည်ငြိမ်ရေးတို့ကိုဆောင်ရွက်ခဲ့ပါတယ်။