ဇွန်၊ ၁၃
အာဏာသိမ်း စစ်ကောင်စီရုံးစိုက်ထားတဲ့ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့၊ မြို့မရဲစခန်း ကိုလက်ပစ်ဗုံးနဲ့ပစ်ခတ်သွားတဲ့ သူနှစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေကဖော်ပြနေပါတယ်။
“ စကစရဲ့ တယ်လီဂရန်တွေမှာ တင်ထားတာတော့တွေ့တယ်ဗျ။ ဒါပေမယ့် အဲဒါ့ဘယ်အဖွဲ့ကလုပ်တာလဲ ဆိုတာမသိသေးဘူး။ ကျနော်တို့နဲ့ ချိတ်ဆက်ထားတဲ့အဖွဲ့တွေထဲတော့ ဖမ်းဆီးခံရတာမကြားမိသေးဘူး “ လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်သူ တဦးကပြောပါတယ်။
လယ်ဝေးမြို့နယ်၊ မြို့မရဲစခန်းကို ဇွန်လ ၁၂ ရက်၊ မနေကညနေ ၅ နာရီကျော်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား နှစ်ယောက်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ပစ်ခတ်သူတွေကို ဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ လယ်ဝေးရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်တဦးသေဆုံးခဲ့ပြီး တဦးဒဏ်ရာရခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေကဖော်ပြကြပေမယ့် DNAက သီးခြားအတည်မပြုနိုင်ပါဘူး။
အဲဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီးအသက် ၄၀ အရွယ်ကိုသက်နိုင်ကို ဗုံးပစ်သူ၊ အသက် ၃၂ နှစ်အရွယ် ကိုရန်နိုင်အောင်ကို ဆိုင်ကယ်မောင်းသူလို့စွပ်စွဲပြီး ဒီကနေ့ မနက် ၇ နာရီလောက်မှာ ပျဉ်းမနားမြို့ ကင်ပွန်းတန်းဈေးအနီးမှာ ဆိုင်ကယ်နံပါတ်ပြား၊ အကျီနက်ပြာရောင်၊ ဖုန်းတွေနဲ့အတူ ဖမ်းမိတာလို့ ဆိုပါတယ်။
ဒါအပြင်မနေ့ကညပိုင်းကလည်း နေပြည်တော် ၊ဇမ္ပူသီရိမြို့နယ်ရှိ မြန်မာအပြည်အပြည်ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟိုဌာန-၂ (MICC-2) ထိပ်က လုံခြုံရေးဂိတ်မှာ ဗုံးနဲ့ ထုတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိတယ်လို့ ဒေသတွင်းရင်းမြစ်တွေက ဆိုကြပါတယ်။
နေပြည်တော်မှာ မနေ့ကဖြစ်ပွားတဲ့ တိုက်ခိုက်မှုနှစ်လုံးနဲ့ပတ်သတ်ပြီး ဘယ်အဖွဲ့လုပ်ဆောင်တယ်ဆိုတာကို အခုထိ ထုတ်ပြန်ထားတာမတွေ့ရသေးသလို စစ်ကောင်စီဘက်က စွပ်စွဲထားဆီးထားတဲ့သူတွေဟာ PDF အဖွဲ့ဝင်တွေ ဟုတ်၊ မဟုတ်ဆိုတာကို DNA က အတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် ပျဉ်းမနားမြို့နယ်၊ တောင်ပေါ်ဒေသ မြွေဟောက်မြှောင်ဘုရားကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဇွန်လ ၁၂ ရက် မနေ့က မနက်ပိုင်းက နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေသွားရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲနှစ်နာရီခန့်ဖြစ်ပွားပြီးစစ်ကောင်စီဘက်က အထိနာပေမယ့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေထိခိုက်တာမရှိဘူးလို့ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်ငွေစိုးက သတင်းဌာနအချို့ကိုပြောထားပါတယ်။
လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားတဲ့ နေပြည်တော်မှာ ဒီနှစ်အတွင်းမနေ့က ဗုံးခွဲတိုက်ခိုုက်မှုတွေအပါအဝင် တိုုက်ခိုက်မှု ရှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သလို စစ်ကောင်စီရဲ့ တပ်တွေကိုလည်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တာနှစ်ကြိမ်ခန့်ရှိခဲ့ပါတယ်။