ကန့်ဘလူမြို့နယ်က စစ်ရှောင်အမျိုးသမီးတဦး မြွေကိုက်ခံရ

ဇွန်၊ ၁၃
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ် အတွင်းက စစ်ရှောင်အမျိုးသမီးတဦး ဇွန်လ ၁၁ ရက် မနက်က မြွေကိုက်ခံခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
” အခြေနေကတော့ ကောင်းပါတယ်၊ အချိန်မှီ ဆေးထိုးပေးနိုင်ခဲ့တဲ့အတွက်လေ။ ဒါပေမယ့် လတ်တလောတော့ စောင့်ကြည့်နေရတဲ့ အနေအထားမှာ ရှိတာပေါ့ ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
 
ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ် အတွင်းက စစ်ရှောင်တဲမှာနေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတဦးဟာ အဲဒီနေ့ မနက် ၈ နာရီဝန်းကျင်မှာ အပေါ့အပါးသွားရင်း မြွေကိုက်ခံခဲ့ရတာပါ။
 
အဲဒီအမျိုးသမီးကို မြန်မာ့ဆေးဝါးလုပ်ငန်းထုတ် BPI မြွေဆိပ်ဖြေဆေး လေးလုံးနဲ့ အိန္ဒိယနိုင်ငံထုတ် မြွေဆိပ်ဖြေဆေး ဆယ်လုံး ထိုးပေးထားရပြီး အခြေနေကို ဆက်လက်စောင့်ကြည့်နေရတယ်လို့ မြေပြင်ကျန်းမာရေးစောင့်ရှောက်ပေးနေသူများထံမှ သိရပါတယ်။
 
အဲဒီဒေသမှာ ဒီလ ၆ ရက်က အသက် ၃၀ အရွယ်အမျိုးသားတဦး နဲ့ ၈ ရက်ကလည်း အသက် ၂၉ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတဦးတို့ မြွေဆိုးကိုက်ခံရပြီးနောက် အခုစစ်ရှောင်အမျိုးသမီး ထပ်မံပြီး မြွေကိုက်ခံရတာလည်း ဖြစ်ပါတယ်။
 
မြန်မာ့ဆေးဝါးလုပ်ငန်း BPI ဆေးတလုံးကို ကျပ် တသိန်းကနေ တသိန်း သုံးသောင်း ဝန်းကျင်ထိ ရှိပြီး တခါတရံလိုအပ်ချက်ပေါ် မူတည်ပြီး ရှားလာတဲ့အခါမှာ BPI ဆေးတလုံးကို တသိန်း ရှစ်သောင်းဝန်းကျင်ထိ ပေးဝယ်နေရတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
 
အခုလို မြွေကိုက်ခံရတာနဲ့ပတ်သက်ပြီး ဆရာဝန်တွေနဲ့ ပညာပေး သဘောမျိူး လုပ်ခဲ့တာတွေ ရှိပေမယ့် လူတွေအကုန်လုံး စုစုစည်းစည်းနဲ့ ပညာပေးဟောပြောပွဲတွေ လုပ်ဖို့အတွက်တော့ ယခုကာလ လုံခြုံရေးအရ အဆင်မပြေဘူးလို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။
 
ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်းမှာ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းကနေ စတင်ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ မြွေဆိုးကိုက်ခံရသူ ၇၁ ဦးထိ ရှိတယ်လို့ မြေပြင်မှာ ဆေးကုသပေးနေတဲ့ ကျန်းမာရေးဝန်းထမ်းတွေ စုဆောင်းထားတဲ့ အချက်အလက်အရ သိရပါတယ်။
 
မြွေဆိုးကိုက်ခံရတဲ့သူတွေကို အချိန်မှီကုသမှုပေးနိုင်ခဲ့တဲ့အတွက် အများစုမှာ အသက်ဘေးက လွတ်မြောက်နိုင်ခဲ့ပေမယ့် အသက်မပြည့်သေးတဲ့ ကလေးငယ် နှစ်ဦးအပါအဝင် ခြောက်ဦးကတော့ အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
 
” မြွေဆိုးပေါတဲ့ အရပ်တွေဆိုတော့ မြွေကိုက်ခံရတာတွေ မကြာခဏဆိုသလို တွေ့နေ ကြားနေရတာပေါ့ဗျာ။ လူနာတွေ ပေါလာသလို မြွေဆိပ်ဖြေဆေးလိုအပ်ချက်တွေလည်း မြင့်လာတာပေါ့။ ဒီလိုဒေသက လူတွေကို တတ်နိုင်သူတွေက မြွေဆိပ်ဖြေဆေး ကူပေးနိုင်ရင်တော့ ဝမ်းသာမိမှာပါ ” လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် က တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့