မော်လမြိုင်ဘူတာအနီးက ဖယ်ရှားခံရတဲ့ ဆိုင်ခန်းငှါးရမ်းသူတွေ အခက်ကြုံ

ဇွန်၊ ၁၃
 
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဘူတာကြီး အနီးက မြန်မာ့မီးရထား ပိုင်မြေပေါ်မှာ ဆောက်လုပ်ငှားရမ်းထားတဲ့ ဈေးဆိုင်ခန်းတွေ ဖယ်ရှားရှင်းလင်းခံရပြီးတဲ့နောက် နေထိုင်လုပ်ကိုင်စားသောက်ဖို့ အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
 
“ ခက်တာပေါ့၊ ဒီအချိန်မှာ ဘယ်နေရာကို သွားပြီး အလုပ်လုပ်သွားလုပ်ရမလဲ၊ ဒီမှာပဲ လုပ်လာတာ ခြောက်နှစ်၊ ခုနှစ် နှစ်လောက်ရှိနေပြီ၊ ဒီလိုကာလမှာ မလုပ်သင့်ဘူးထင်တယ်၊ အခုဆို မိသားစုတွေ စားသောက်ဖို့ကအစ ဘာအလုပ်မှ မရှိနေဘူး၊ ကလေးကျောင်းစရိတ်တွေကအစပဲ၊ အလုပ်တခု ပုံမှန်လည်ပတ်နိုင်ဖို့က မလွယ်ဘူးလေနော် ” လို့ ဆိုင်ခန်းငှါးရမ်းသူတဦးက DNA ပြောပါတယ်။
 
မော်လမြိုင်မြို့၊ မြေနီကုန်း ကားဝင်းအရှေ့ရှိ မီးရထားပိုင်မြေနေရာပေါ်မှာ ဆောက်လုပ်ရောင်းချငှားရမ်းနေကြတဲ့ ဈေးဆိုင်ခန်း တွေနဲ့ ကျူးကျော်ဆောက်လုပ်ထားတဲ့ နေအိမ်တွေကို နှစ်ပတ်အတွင်း ဖျက်သိမ်းပေးဖို့ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်မှာ အာဏာပိုင်တွေက ညွှန်ကြားထားတာ ဖြစ်ပါတယ်။
 
တကယ်လို့ သတ်မှတ်ရက်အတွင်း ဈေးဆိုင်ခန်းတွေနဲ့ နေအိမ်တွေကို ဖယ်ရှားရှင်းလင်းခြင်း မပြုလုပ်ဘူးဆိုရင် ထောင်ဒဏ် တလ ချခံရမှာ ဖြစ်သလို ဈေးဆိုင်ခန်း ငှားရမ်းလုပ်ကိုင်နေသူတွေကို လက်မှတ်အတင်းထိုးခိုင်းခဲ့တာ ဖြစ်ပါတယ်။
 
ဒါပေမယ့် ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက် မနက်ပိုင်းမှာတော့ မီးရထားဝန်ထမ်းတွေနဲ့ အာဏာပိုင်အဖွဲ့တွေက ဘက်ဟိုးတွေနဲ့ အဲဒီငှားရမ်းထားတဲ့ ဈေးဆိုင်ခန်းတွေနဲ့ နေအိမ်တွေကို လာရောက်ဖယ်ရှားလိုက်တာကြောင့် ဆိုင်ခန်းငှားရမ်းသူတွေ အခက်အခဲကြုံတွေ့နေရတာ ဖြစ်ပါတယ်။
 
“ ကျွန်မတို့မှာ တခြားနေရာကို ပြောင်းရွေ့ဖို့က လုံးဝအဆင်မပြေတဲ့အခြေအနေမို့ပါ၊ အစကတော့ သူတို့ဆီတော့ ပြောပြသေးတယ်၊ ခဏလေးတော့ သည်းခံပေးပါဦးပေါ့နော်၊ ကျွန်မတို့တွေ နေရာအသစ်တခုရရင် ပြောင်းပေးမှာပေါ့၊ အဲဒါနဲ့ သူတို့ဘက်ကလည်း ဘာမှ အကြောင်းမပြန်ဘူး၊ သူတို့ဘက်က လက်ခံတယ်ထင်တာပေါ့၊ ဒါပေမယ့် အခုကျတော့ ချက်ချင်း ဆိုင်ခန်းတွေကို အားလုံးဖျက်ပြီး ရှင်းလင်းလိုက်တာပဲ ” လို့ အဲဒီမှာ ဆိုင်ခန်းငှါးရမ်းထားတဲ့သူ အခြားတဦးက ပြောပါတယ်။
 
ယခု ဖယ်ရှားခိုင်းလိုက်တဲ့ မြန်မာ့မီးရထားဌာနပိုင်မြေပေါ်မှာ ဈေးဆိုင်ခန်းတွေဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်ကတည်းက ငှားရမ်းလုပ်ကိုင်နေသူများလည်း ရှိနေပြီး လက်ဖက်ရည်ဆိုင်၊ ကုန်ပစ္စည်းဆိုင်၊ ကားနဲ့ ဆိုင်ကယ်ပြင်ဆိုင်၊ ထမင်းဆိုင် အစရှိတဲ့ ဆိုင်ခန်းနဲ့ နေအိမ်ပေါင်း ခြောက်ဆယ်ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
 
ဆိုင်ခန်းငှားရမ်းခ အနေနဲ့လည်း တလကို ကျပ်တသိန်းဝန်းကျင်ကနေ နှစ်သိန်းဝန်းကျင်အထိ ပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ အရပ်သားအစိုးရ လက်ထက်တုန်းကလည်း ယခုမီးရထားပိုင်မြေပေါ်မှာ ဆောက်လုပ်ငှားရမ်းထားတဲ့ ဈေးဆိုင်ခန်းနဲ့ နေအိမ်တွေကို ဖယ်ရှားရှင်းလင်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် အဲဒီတုန်းက ဆိုင်ခန်းငှားရမ်းသူတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ဖယ်ရှားရှင်းလင်းနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။
 
ဒါ့အပြင် မော်လမြိုင်မြို့ လေဆိပ်နယ်မြေ တိုးချဲ့ဖို့အတွက်ဆိုပြီး လေဆိပ်အနီးတဝိုက်မှာ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်ခန်းပေါင်း ခြောက်ဆယ်ကျော်ကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ လေကြောင်းပို့ဆောင်ရေးဌာန တာဝန်ရှိသူတွေက ဖျက်သိမ်းလိုက်ပါသေးတယ်။
 
ဓာတ်ပုံ – ရာမညတိုင်းမ်