သာဓုကန်စက်မှုဇုန်မှာ လုပ်ခတိုးတောင်းတဲ့ အထည်ချုပ်အလုပ်သမား ခုနစ်ဦး အလုပ်ထုတ်ခံရ၊ မကျေနပ်လို့ ဆန္ဒပြသူတွေကို စစ်တပ်ကခြိမ်းခြောက်

ဇွန်၊ ၁၃
 
ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်ရှိ ဟိုစိမ့် အထည်ချုပ်စက်ရုံမှာ လုပ်အားခ တိုးမြှင့်တောင်းရာမှာ ဦးဆောင်တဲ့ အလုပ်သမား ခုနစ်ဦးကို အလုပ်ကထုတ်လိုက်သလို ဒီအပေါ် မကျေနပ်လို့ ဆန္ဒပြတဲ့ အလုပ်သမားတွေကိုလည်း စစ်တပ်က ဖိအားပေးခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ အဲဒီစက်ရုံအလုပ်သမားတွေဆီက သိရပါတယ်။
 
စက်ရုံအလုပ်သမားတွေက တရက်လုပ်ခ ၄၈၀၀ အစား ၅၆၀၀ ကျပ် ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပြီး အဲဒီတောင်းဆိုမှုကို စက်ရုံက လိုက်လျောခဲ့ပေမယ့် ဦးဆောင်တောင်းဆိုခဲ့တဲ့ အလုပ်သမား ခုနစ်ဦးကိုတော့ အလုပ်ကနေ ထုတ်လိုက်တာလို့ သူတို့ကဆိုပါတယ်။
 
” ခြောက်လပိုင်း ၁ ရက်နေ့ကစပြီး ၅၆၀၀ ကျပ်ပေးမယ်လို့ ဆုံးဖြတ်တယ်၊ အလုပ်သမား ခုနှစ်ယောက်ကိုတော့ ပြီးခဲ့တဲ့ စနေနေ့ညနေက အလုပ်က ထုတ်လိုက်တယ်၊ အဲဒီအလုပ်သမားတွေက နောက်လည်း စက်ရုံအတွင်း အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုလာမှာစိုးလို့ ထုတ်လိုက်တဲ့သဘော ” လို့ အမည်မဖော်လိုတဲ့ စက်ရုံလုပ်သားတဦးက ပြောပါတယ်။
 
အလုပ်ထုတ်ခံရသူ ခုနစ်ဦးဟာ အဲဒီစက်ရုံက အလုပ်သမားသမဂ္ဂဝင်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီလို အလုပ်ထုတ်လိုက်တာကို မကျေနပ်လို့ အလုပ်သမားတွေက ဒီနေ့မနက်မှာ လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက်ခဲ့ကြချိန်မှာ စစ်သားတွေရောက်လာပြီး လုပ်ငန်းခွင်ဝင်ဖို့ အတင်းအကျပ်ဖိအားပေးခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
 
” စက်ရုံက ၇ နာရီခွဲဝင်ရမှာ၊ စစ်တပ်က ကားသေးနှစ်စီးနဲ့ ကြိုရောက်နေတယ်၊ စစ်သားတွေ တော်တော်ပါတယ်၊ သူတို့က အလုပ်ထုတ်ခံရတဲ့သူက ထုတ်ခံရတာ မင်းတို့နဲ့ ဘာဆိုင်လဲ၊ အဲဒါသူတို့ကိစ္စ၊ ကိုယ့်အလုပ်ကိုယ်ဝင်၊ မဝင်ရင် ဘာလုပ်မယ် ညာလုပ်မယ်ပြောတယ် ” လို့ ကိုယ်တိုင်ကြုံရတဲ့ အလုပ်သမားတဦးက ပြောပါတယ်။
 
အဲဒီလို ခြိမ်းခြောက်မှုတွေ လုပ်ပေမယ့် အလုပ်သမားတွေက အလုပ်မဝင်ကြဘဲ အခြေအနေတင်းမာမှုတွေ ရှိခဲ့ပြီး မနက် ၁၀ နာရီခွဲလောက်မှာ အလုပ်သမားရုံးကလူတွေ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
 
အဲဒီနောက် အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကိစ္စကို မနက်ဖြန် (ဇွန် ၁၄)မှာ ညှိနှိုင်းဖြေရှင်းပေးမယ်လို့ အလုပ်သမားရုံး တာဝန်ရှိသူတွေက ကတိပြုကာ အလုပ်သမားတွေကို လုပ်ငန်းခွင်ပြန်ဝင်စေခဲ့တယ်လို့ သိရပါတယ်။
 
“ညှိနှိုင်းပြောဆိုပြီး သူတို့ ပြန်သွားတယ်၊ အလုပ်သမားတွေလည်း အလုပ်ဝင်သူက ဝင်တယ်၊ ပြန်တဲ့သူက ပြန်သွားကြတယ်၊ မနက်ဖြန်တော့ ဘယ်လိုဆက်ဖြစ်မယ်မသိဘူး ” လို့ အထက်ပါစက်ရုံလုပ်သားက ပြောပါတယ်။
 
ဟိုစိမ့် အထည်ချုပ်စက်ရုံဟာ အလုပ်သမားထောင်ချီနဲ့ လည်ပတ်နေတဲ့ စက်ရုံဖြစ်ပြီး အရင်ကလည်း လုပ်ငန်းခွင် အငြင်းပွားမှုတွေ ရှိခဲ့ဖူးပါတယ်။
 
အလားတူ ပြည်တွင်းက စက်ရုံတချို့ဟာ အလုပ်သမားနဲ့ အငြင်းပွားမှုတွေဖြစ်ရင် အပြင်က လူမိုက်တွေခေါ်ပြီး ဖြေရှင်းတာ၊ စစ်တပ်ကိုခေါ်ပြီး ဖိအားပေးခြိမ်းခြောက်စေတာမျိုး ပြုမှုတာတွေ ရှိလာနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
 
ဓာတ်ပုံ – Google
ပုံစာ – စက်ရုံတာဝန်ရှိသူတွေကို ဆန္ဒပြနေတဲ့ ရန်ကုန်က အထည်ချုပ်လုပ်သားတချို့။ (ပုံဟောင်း)