ရန်ကုန်မှာ ဧည့်စာရင်းတိုင်ရင် PDF နဲ့ NUG နဲ့ ဆက်စပ်သူတွေ လက်မခံထားကြောင်း ခံဝန်ထိုးခိုင်းနေ

ဇွန်၊ ၁၃
 
ရန်ကုန်တိုင်း‌အတွင်း မြို့နယ်တချို့က ရပ်ကွက်ရုံးတွေမှာ ဧည့်စာရင်းသွားရောက်တိုင်ကြားပါက တည်းခိုနေထိုင်သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထောက်ခံသူတွေ၊ ဆက်စပ်သူတွေ မဟုတ်တဲ့အကြောင်း စစ်ကောင်စီက အိမ်ရှင်တွေကို လက်မှတ်ရေးထိုးခိုင်းနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
 
“ ဧည့်စာရင်းသွားတိုင်တာ ဧည့်သည်က PDF မဟုတ်ကြောင်း အိမ်ရှင်ကို တာဝန်ခံတဲ့အနေနဲ့ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းနေတယ်၊ ဧည့်စာရင်းကိုလည်း မတိုင်မနေရ ရပ်ကွက်ရုံးက ကြေညာတာတွေကြောင့်လည်း ဧည့်စာရင်း သွားတိုင်ဖြစ်တာ၊ ဧည့်စာရင်းတိုင်တော့ လက်ဖက်ရည်ဖိုး ဆိုပြီး တောင်းတာတွေလည်း ကြုံရတယ် ” လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
 
ဒါ့အပြင် အိမ်ငှားနေသူတွေဟာ CDM ဝန်ထမ်းတွေ ဟုတ်မဟုတ်နဲ့ CRPH/PDF/NUG အဖွဲ့ဝင် ဒါမှမဟုတ် ဆက်စပ်သူတွေ ဖြစ်ကြောင်းသိရှိပါက အမြန်ဆုံး ရပ်ကွက်ရုံးကို အကြောင်းကြားဖို့၊ ဧည့်စာရင်း လာရောက်တိုင်ကြားသူတွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေက ဖိအားပေးခြိမ်းခြောက် ပြောဆိုနေတာတွေရှိတယ်လို့လည်း သိရပါတယ်။
 
“ ရိုးရိုးအိမ်ငှားနေတာ ကြာပြီဆိုရင်တော့ အိမ်ရှင်ရဲ့ မှတ်ပုံတင် မိတ္တူနဲ့ သွားတိုင်လို့ရှိရင် ၂၀၀/၃၀၀၊ ကိုယ်က မတိုင်ဘဲ တဆင့်တိုင်ခိုင်းလို့ရှိရင် ၅၀၀၀ လောက်ပေးရတယ် အသစ်ဆိုရင်ပေါ့၊ အဆောင်ပိုင်ရှင်တွေဆိုရင် သူတို့ စစ်တပ်က အဆောင်နေသူတွေရဲ့ ကိုယ်ရေးအချက်အလက် ပေးဆိုရင် မိတ္တူက အစ၊ ဓာတ်ပုံအဆုံး အကုန်လုပ်ပေးရ တာတွေရှိတယ် ” လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတဦးကလည်း ပြောပါတယ်။
 
လက်ရှိအထိတော့ လှိုင်သာယာမြို့နယ်အတွင်းမှာ အိမ်အငှားတင်ထားတဲ့ နေအိမ်ပိုင်ရှင်တွေကို အထက်ပါအတိုင်း ခံဝန်လက်မှတ်ထိုးခိုင်းတာမျိုးတွေ မရှိသေးဘဲ အဆောင်ပိုင်ရှင်တွေကိုတော့ PDF တွေကို လက်ခံမထားကြောင်း ခံဝန်ထိုးခိုင်းတာမျိုး ရှိနေတယ်လို့ သူကပြောပါတယ်။
 
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်နဲ့ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ အပါအဝင် ဆင်ခြင်ဖုံးမြို့နယ်တွေမှာတော့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေဟာ ဧည့်စာရင်းကိစ္စနဲ့ ပတ်သက်ပြီး တင်းတင်းကျပ်ကျပ်စစ်ဆေးတာ၊ ငွေကြေး အဆမတန်ကောက်ခံတာတွေအပြင် နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်းဝင်ရောက် စစ်ဆေးတာတွေ အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်လုပ်လာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
 
စစ်အုပ်စု ထောက်ခံသူတွေရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာတော့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ ကားဂိတ်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကို စစ်ကောင်စီက အလိုရှိတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးနိုင်မယ့် နည်းပညာ အထောက်အကူပေးဖို့ တောင်းဆိုနေတာတွေလည်း ရှိနေပါတယ်။
 
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့က အဆောင်ပိုင်ရှင်တွေနဲ့ အငှားတင်ထားတဲ့ အိမ်ပိုင်ရှင်တွေကို ဧည့်စာရင်းတိုင်ဖို့ သတိပေးချက် ဇွန်လ ၁၂ ရက်မှာ ထပ်မံထုတ်ပြန်ထားပါသေးတယ်။
 
CRPH၊ NUG နဲ့ PDF အဖွဲ့တွေနဲ့ ဆက်စပ်ပတ်သက်တဲ့ အဖွဲ့တွေဟာ အလွယ်တကူခြေရာမခံနိုင်စေဖို့အတွက် အဆောင်တွေနဲ့ နေအိမ်တိုက်ခန်းတွေကို ငှားရမ်းနေထိုင်ပြီး ဖောက်ခွဲမှုနဲ့ တိုက်ခိုက်မှုတွေ လုပ်နေကြောင်း ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေအရ တွေ့နေတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
 
ဒါ့ကြောင့် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိချိန်မှာ စနစ်တကျ စိစစ်ငှားရမ်းထားခြင်း၊ ဧည့်စာရင်းတိုင်ကြားထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိမှုတွေ ရှိလာရင် အဲဒီနေအိမ်တိုက်ခန်းတွေကို သိမ်းဆည်းမှာဖြစ်သလို ပိုင်ရှင်တွေအနေနဲ့ အကြမ်းဖက်အားပေးကူညီသူတွေအဖြစ် အရေးယူခံရနိုင်တယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်နေကြတဲ့ လူငယ်တချို့။