ဘိုကလေးမှာ PDF ထောက်ပံ့တယ်စွပ်စွဲချက်နဲ့ နေအိမ်သုံးလုံးချိတ်ပိတ်ခံရ

ဇွန်၊ ၁၃
 
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF)အဖွဲ့တွေကို ထောက်ပံ့တယ်လို့ဆိုပြီး စွပ်စွဲချက်နဲ့ မြို့ခံနေအိမ် သုံးလုံးထက်မနည်းကို စစ်ကောင်စီတပ်က ဇွန်လ ၉ ရက်က ချိပ်ပိတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
 
” အမှတ် ၃ ရပ်ကွက်က အမျိုးသားတဦးရဲ့ အိမ်တလုံး ချိပ်ပိတ်ခံရတယ်။ သိရတာ အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲထောင်ချခံရလို့ လာချိပ်ပိတ်တာတဲ့။ နောက်ပြီးတော့ အမှတ် ၉ ရပ်ကွက်က အ​ကြမ်းဖက်ပုဒ်မနဲ့ပဲ တရားစွဲခံရလို့ ထွက်ပြေးတဲ့ အမျိုးသမီးတယောက်ရဲ့ အိမ်ကို ထပ်ပြီးချိပ်ပိတ်သွားတယ်။ တနေ့ထဲ လုပ်သွားတာ ” လို့ သူမကပြောပါတယ်။
 
ဘိုကလေးမြို့၊ အမှတ် ၃ ရပ်ကွက်က အသက် ၃၀ နှစ်ကျော်အရွယ် အမျိုးသားတဦးရဲ့ နှစ်ထပ်တိုက်အိမ်တလုံးနဲ့ အမှတ် ၉ ရပ်ကွက်၊ ၁၀ လမ်းက အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦးရဲ့ တထပ်တိုက်အိမ်တလုံးတို့ကို ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်၊ မနက်ပိုင်းက စစ်တပ်နဲ့ ရဲအဖွဲ့အင်အား ဆယ်ဦးဝန်းကျင်တို့နဲ့ ချိပ်ပိတ်ခဲ့တာလို့ မျက်မြင်တွေ့ရှိခဲ့တဲ့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။
 
နှစ်ထပ်တိုက် ချိပ်ပိတ်ခံရတဲ့ အမျိုးသားကိုတော့ စစ်ကောင်စီတပ်က အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂ (က)နဲ့ ဖမ်းဆီးထားပြီး တထပ်တိုက်ချိပ်ပိတ်ခံရတဲ့ အမျိုးသမီးကတော့ အကြမ်းဖက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။
 
အဲဒီတနေ့ထဲမှာပဲ သာပေါင်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၀ နှစ်ကျော်အမျိုးသားတဦးရဲ့ ပျဉ်ထောင်နေအိမ်တလုံးကိုလည်း PDF ကို ထောက်ပံ့တယ်လို့ စွပ်စွဲကာ စစ်တပ်နဲ့ ရဲအဖွဲ့က လာရောက်ချိပ်ပိတ်သွားတဲ့အပြင် ခြိမ်းခြောက်ပြောဆိုတာတွေ ရှိခဲ့တယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။
 
” ရွာထဲက PDF ကို ထောက်ပို့တယ်လို့ဆိုပြီး အိမ်ကိုလာပြီး ချိပ်ပိတ်သွားတယ်။ မတရားတာကိုတော့ မတရားဘူးမြင်လို့ ကျွန်တော်အနေနဲ့ တရားတဲ့ဘက်က ရပ်တည်ခဲ့တာဖြစ်တယ်။ အခုလို အိမ်ပါသွားလည်း မနှ​မြောပါဘူး။ ဒါပေမယ့် ရွာထဲလူတွေကိုကော မိသားစုဝင်တွေကိုပါ ခြိမ်းခြောက်သွားတယ်။ အခုလို PDF တွေကို ထပ်ပြီးထောက်ပံ့နေရင် မိသားစုဝင်တွေကိုပါ ထပ်ပြီး ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်သွားတယ် ” လို့ နေအိမ်ချိပ်ပိတ်ခံခဲ့ရသူရဲ့ မိသားစုဝင်တဦးက ဆိုပါတယ်။
 
ဘိုကလေးမြို့နယ်မှာ စစ်အာဏာသိမ်းယူပြီး နှစ်နှစ်ကျော်အတွင်း အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပါ၀င်ခဲ့သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ် ထောက်ပံ့ကူညီတယ်လို့ စွပ်စွဲခံထားရသူတွေရဲ့ နေအိမ် စုစုပေါင်း ၂၀လုံးကျော် က်ို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ ဘိုကလေး မြို့မရဲစခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းတဲ့အချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ တနိုင်ငံလုံးက ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ၊ လက်နက်ကိုင်တော်လှန်သူတွေရဲ့ နေအိမ်တွေအပါအဝင် နေအိမ်ပေါင်း ၇၅၀ ကျော်ကို ချိတ်ပိတ်သိမ်းဆည်းခဲ့ပါတယ်။ 
ဓာတ်ပုံ – Social Media