ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပါကစ္စတန်မှာ အရေးပေါ် ကြိုတင် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေ

ဇွန်၊ ၁၃

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတခု ချဉ်းကပ်လာနေတာကြောင့် ပါကစ္စတန် နိုင်ငံမှာ လူပေါင်း ၈ သောင်းကျော်ကို အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်စေခဲ့ကြောင်း သိရပါတယ်။

ဘီပါဂျွိုင်လို့ နာမည်ပေးထားတဲ့ ဆိုင်ကလုန်းဟာ လက်ရှိ အချိန်မှာ လေတိုက်နှုန်း တနာရီ ကီလိုမီတာ ၁၅၀ လောက်ထိ အားကောင်းနေသလို လာမယ့် ၂ ရက်အတွင်း ကုန်းတွင်း ဝင်ရောက်ချိန်မှာ အဲဒီထက် ပိုပြီး ပြင်းထန်လာမယ်လို့ ယုံကြည်ရပါတယ်။

အာရေးဘီးယား ပင်လယ်ပြင်မှာ ခပ်ဖြည်းဖြည်း ရွေ့လျားနေတဲ့ မုန်တိုင်းရဲ့ လမ်းကြောင်းဟာ ပါကစ္စတန် အရှေ့ပိုင်းက ဆင်းပြည်နယ်နဲ့ အိန္ဒိယ အနောက်ခြမ်းက ဂူဂျာရတ်ပြည်နယ် ကမ်းရိုးတန်းတွေဆီ ဦးတည်နေပါတယ်။ အိန္ဒိယဖက်မှာလည်း ရွှေ့ပြောင်းမှု အစီအစဉ်တွေ စတင်နေပြီ ဖြစ်ပါတယ်။

ဆင်းပြည်နယ် ဝန်ကြီးချုပ် မူရက်ဒ် အလီရှားက ဒေသတွင်းမှာ ရာသီဥတု အခြေအနေ အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ကြိုတင်ရွှေ့ပြောင်းမှုတွေမှာ စစ်တပ်ကပါ ပူးပေါင်း ကူညီပေးနေတယ်လို့ ပြောပါတယ်။

အခုအခြေအနေအရ လူတွေကို ဘေးလွတ်ရာ ရွှေ့ပေးကြပါလို့ မေတ္တာရပ်ခံနေတော့မှာ မဟုတ်ဘဲ အတင်းအကျပ်ကို လုပ်ယူရတော့မယ်လို့ အလီရှားက ဆိုပါတယ်။ ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းကြဖို့ကို ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ ဗလီတွေကနေတဆင့် အပူတပြင်း ထုတ်ပြန် ကြေညာပေးနေပါတယ်။

အိန္ဒိယ မိုးလေဝသ ဌာနကလည်း မုန်တိုင်း ဖြတ်သန်းမယ့် လမ်းကြောင်းတလျှောက်မှာ ငါးဖမ်းလုပ်ငန်းတွေ ရပ်နားထားဖို့၊ ဆူရာရှာထရာနဲ့ ကွတ်ချ်ဒေသက မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေ အရေးပေါ် ရှောင်တိမ်းကြဖို့ ညွှန်ကြားထားပါတယ်။

ဆိုင်ကလုန်း ဘီပါဂျွိုင်ဟာ ပါကစ္စတန်ရဲ့ အကြီးဆုံး မြို့တခုဖြစ်တဲ့ ကရာချိနဲ့ အိန္ဒိယရဲ့ အကြီးဆုံး ဆိပ်ကမ်းတွေဖြစ်တဲ့ မွန်ဒရာ၊ ခန်ဒလာတို့ကိုပါ ထိခိုက်မှုတွေ ဖြစ်လာစေမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ အကြီးမားဆုံး ရေနံချက် လုပ်ငန်းကြီး တခုဖြစ်တဲ့ ဂျမ်နာဂါ စက်ရုံလည်း မုန်တိုင်းဒဏ် ခံရနိုင်တာကြောင့် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။  

 

Ref: Al Jazeera