ဖလားသုံးလုံးနဲ့ မြို့ထဲလှည့်ပြီး အောင်ပွဲခံခဲ့တဲ့ မန်ချက်စတာစီးတီး

ဇွန်၊ ၁၃

ဘောလုံးရာသီ တခုတည်းမှာတင် အဓိက ဆုဖလား ၃ လုံးကို သိမ်းကြုံး ဆွတ်ခူးနိုင်ခဲ့တဲ့ သမိုင်းဝင် အောင်မြင်မှုအတွက် မန်ချက်စတာ စီးတီး အသင်းဟာ ပရိသတ်တွေနဲ့အတူ စုဝေး အောင်ပွဲခံခဲ့ပါတယ်။

The Trebleလို့ တင်စားခံရတဲ့ ဥရောပ ချန်ပီယံလိဂ်၊ အင်္ဂလန် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေ ရှုံးထွက်ဖလား ဆုဖလား ၃ လုံးစလုံးကို အခုဘောလုံးရာသီမှာ စီးတီးက ဆွတ်ခူး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဥရောပရဲ့ အဆင့်အမြင့်ဆုံး ဆုဖလားနဲ့ ပြည်တွင်းက အဓိက ဆုဖလား ၂ လုံးတို့ကို စုပေါင်း သိမ်းယူနိုင်တာမျိုးက အင်္ဂလန် ဘောလုံးလောကမှာ စီးတီးအပြင် ၁၉၉၉ ခုနှစ် The Treble ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် ၁ သင်းသာ ရှိခဲ့ဖူးပါတယ်။

ဇွန်လ ၁၂ ရက်မှာတော့ စီးတီး ကစားသမားတွေဟာ အမိုးဖွင့် ဘတ်စ်ကားကြီးတွေပေါ် ဆုဖလားတွေကို တင်ပြီး မန်ချက်စတာ မြို့ထဲမှာ လှည့်လည် အောင်ပွဲခံခဲ့ကြပါတယ်။ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ဥရောပ ချန်ပီယံဘွဲ့ကို ခံယူပြီး မန်ချက်စတာမြို့ဆီ သူရဲကောင်းတွေလို ပြန်လာတဲ့ စီးတီး ကစားသမားတွေကို ထောင်နဲ့ချီ များပြားတဲ့ ပရိသတ်တွေက စုဝေး ကြိုဆိုခဲ့ကြပါတယ်။

မြို့ထဲမှာ အတော်လေး မိုးရွာထားပြီး လေထန်နေတဲ့ ရာသီဥတုကိုတောင် မမှုဘဲ အသင်းရဲ့ အောင်ပွဲခံ လှည့်လည်မှု အစီအစဉ်ကို လာရောက် ဂုဏ်ပြုခဲ့ကြတဲ့ ပရိသတ်တွေကို အသင်းမန်နေဂျာ ပက်ပ် ဂွာဒီယိုလာက ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

အသင်းရဲ့ အောင်ပွဲခံ လှည့်လည်မှု အစီအစဉ်ဟာ ရာသီဥတု အခြေအနေကြောင့် အစောပိုင်းမှာ နှောင့်နှေးမှုတချို့ ကြုံခဲ့ပေမယ့် ပရိသတ်တွေရဲ့ စိတ်အား တက်ကြွ ပျော်ရွှင်မှုကိုတော့ ဘယ်လို ကြန့်ကြာမှုကမှ မတားဆီးနိုင်ခဲ့ပါဘူး။

စီးတီး အတွက်တော့ အရမ်းလိုချင်ပေမယ့် အကြိမ်ကြိမ် လွဲချော်ခဲ့ဖူးတဲ့ ဥရောပ ချန်ပီယံဆုကို အခုရာသီကျမှ ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ အတွက်လည်း သူတို့ရဲ့ သမိုင်းဝင် အောင်မြင်မှုက ပိုပြီး အမှတ်တရ ဖြစ်လာခဲ့ပါတယ်။

 

Ref: Daily Mail