ဇွန် ၊ ၁၃
#ကိုငြိမ်းမောင်
လူထုနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စည်းလုံးမှုအားကောင်းနေတဲ့ မြန်မာနိုင်ငံအနောက်မြောက်ဒေသ စစ်ကိုင်းတိုင်းကို သွေးခွဲဖို့ စစ်တပ်က စစ်ဆင်ရေးနယ်မြေတွေမှာ လုပ်နေကျ ဗျူဟာဟောင်းတစ်ခုကို အာဏာသိမ်းပြီး ၂နှစ်အကြာမှာ ထုတ်သုံးလာပါတယ်။
စစ်တပ်ကို နှစ်ပေါင်းများစွာတိုက်ခိုက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်များကြီးစိုးရာ တောင်တန်းဒေသ ကချင်ပြည်နယ်နဲ့ချင်းပြည်နယ် တို့ကြား မြေပြန့်ဒေသ စစ်ကိုင်းတိုင်းဟာ စစ်ဗိုလ်ချုပ်ကြီးတွေ မထင်မှတ်တဲ့ တော်လှန်ရေးနယ်မြေအဖြစ် ၂နှစ်အတွင်း လျင်လျင်မြန်မြန် ပြောင်းလဲလာတာ ဖြစ်ပါတယ်။
ဗမာလူမျိုးအများစုနေထိုင်ရာ စစ်ကိုင်းတိုင်းအောက်ပိုင်း အညာဒေသက လက်နက်ကိုင်တော်လှန်ရေး ထောက်တိုင်တွေကို ဦးချိုးဖို့ အာဏာသိမ်း စစ်တပ်ဟာ သွေးဆူလွယ်တဲ့ လူမျိုးရေး၊ဘာသာရေး ဝါဒမှိုင်းတိုက်တဲ့ ဗျူဟာဟောင်းကို သူတို့ရဲ့ လော်ဘီတွေကတဆင့် ထုတ်သုံးလာပါတယ်။
အမုန်းစကား၊ဘာသာရေးသွေးခွဲမှုကို ပြင်းပြင်းထန်ထန်တားမြစ်ဖြုတ်ချတဲ့ ဖေ့စ်ဘွခ်မှာပင် လော်ဘီအကောင့်တွေက ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဧပြီလအတွင်း ဘာသာရေးပို့စ် ၇ ရာခိုင်နှုန်း၊လူမျိုးရေးသွေးခွဲပို့စ် ၂၂ရာခိုင်နှုန်းအထိ လှုံ့ဆော်ထားတယ်လို့ စောင့်ကြည့်လေ့လာနေတဲ့ Generation Wave အဖွဲ့ အစီရင်ခံစာက ပြောပါတယ်။
အမုန်းစကားပြောဆိုမှု တားမြစ်တာမရှိတဲ့ တယ်လီဂရမ်မှာတော့ လော်ဘီ Channel ၁၀၀ ကျော်က နေ့စဉ်နီးပါး ဘာသာရေး၊လူမျိုးရေး လှုံ့ဆော်တဲ့ ရေးသားမှု၊ဖြန့်ဝေမှုများလုပ်နေတယ်လို့ စောင့်ကြည့်လေ့လာသူများက ဖွင့်ဟပါတယ်။
ဗျူဟာအဟောင်း၊လော်ဘီ အသစ်
=======================
၂၀၁၂ခုနှစ်ကလူမျိုးရေးပဋိပက္ခကြောင့် အရေးပေါ်အခြေအနေကြေညာပြီး စစ်တပ်ကိုအုပ်ချုပ်ခွင့်ပေးခဲ့ရတဲ့ မြန်မာနိုင်ငံအနောက်တံခါး၀ ရခိုင်ပြည်နယ်မှာလည်း စစ်အုပ်ချုပ်ရေးအကျိုးဆက်အဖြစ် နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားနဲ့ မွတ်စလင်လူမျိုးတို့အကြား မဆုံးနိုင်တဲ့ လူမျိုးရေးမုန်းတီးမှု၊ကိုးကွယ်ရာမတူညီမှုအပေါ် အချင်းချင်း သံသယစိတ်တွေ မွေးဖွားသန္စေတည်ခဲ့ပါတယ်။
ရခိုင်အရေးအခင်းမှာ ဘာသာရေးမုန်းတီးမှုလှုံ့ဆော်ဖို့ စစ်တပ်ရဲ့လက်ကိုင်တုတ်ဟာ NLD အစိုးရလက်ထက်က ဖျက်သိမ်းခံခဲ့ရတဲ့အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ပဲဖြစ်ပါတယ်။
မွတ်စလင်နဲ့အခြားလူနည်းစုတွေအပေါ် ဥပဒေမဲ့သတ်ဖြတ်မှု၊ ဖမ်းဆီးနှိပ်စက်မှု၊အိုးအိမ်များမီးရှို့မှု၊လွတ်လပ်စွာကိုးကွယ်မှု၊သွားလာမှုကိုတားဆီးဟန့်တားတာတွေကို တပ်မတော်နဲ့အခြားအဖွဲ့အစည်းတွေက ကျူးလွန်ခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန၊ဒီမိုကရေစီ၊လူ့အခွင့်အရေးနဲ့လုပ်သားရေးရာဗျူရိုရဲ့ ၂၀၁၇ ခုနှစ်က ထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာ သဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲ မဲမသမာမှုလုပ်ပြီး နိုင်ငံတော်အာဏာမတရားရယူတယ်လို့စွပ်စွဲချက်နဲ့ အရပ်သားNLDအစိုးရကို ဖမ်းဆီးပြီး စစ်တပ်က ၂၀၂၁ခုနှစ်မှာ အာဏာသိမ်းပြီးနောက် သူ့ရဲ့ ဝါဒဖြန့်ချီရေးယန္တရားဟာ နည်းပညာနဲ့အကျွမ်း၀င်ပြီး စနစ်တကျအချိန်ကိုက် လုပ်ဆောင်တက်တဲ့ လူတစ်စုနဲ့ဖွဲ့စည်းထားတဲ့ ဖေ့စ်ဘွခ်ဂရု ၊ဖေ့စ်ဘွခ်အကောင့်တုများနဲ့ တယ်လီဂရမ် စာမျက်နှာတွေဖြစ်လာပါတယ်။
တော်လှန်ရေးတပ်ဦးအနောက်မြောက်ဒေသ
=================================
လူငယ်အင်အားစုပေါများရာ စစ်ကိုင်းတိုင်းဒေသကြီးဟာ အာဏာသိမ်းပြီး ၄လအကြာ လက်လုပ်သေနတ်၊အမဲလိုက်တူမီးသေနတ်များနဲ့ နွေဦးတော်လှန်ရေးကို စတင်ခဲ့ကြပါတယ်။
လူထုအသံကို စစ်တပ်က နားထောင်မှာမဟုတ်တာကို ရိပ်စားမိတဲ့ လူငယ်ထောင်ပေါင်းများစွာဟာ အာဏာရှင်မျိုးဆက်နောက်ဆုံးဖြစ်ရေး ရည်မှန်းချက်တွေနဲ့ ကချင်ပြည်နယ်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ချင်းပြည်နယ်က ချင်းအမျိုးသားတပ်ဦး (CNF/CNA)တို့ဆီမှာ ခိုလှုံပြီး စစ်ရေးပညာတွေသင်ယူခဲ့ကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့လက်တွဲပြီး KIA ထိန်းချုပ်နယ်မြေတွေမှာ PDF ထောင်ပေါင်းများစွာကို စစ်သင်တန်းပေးနေတယ်လို့ ဗိုလ်ချုပ်ဂွမ်မော်ကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။
ကြည်း၊ရေ၊လေ အင်အား ၄သိန်းနီးပါးရှိတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေ ခန့်မှန်းထားတဲ့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့တပ်ကို အမှည့်ခြွေနေတဲ့ စစ်ကိုင်းတိုင်းက PDFမျိုးဆက်ကို မွေးဖွားပေးလိုက်တာဟာ KIA နဲ့ CNF/CNA တို့ပါ။သူတို့ဟာ စစ်တပ်ရဲ့ ထိပ်တန်းရန်သူတွေအဖြစ် အငြိုးထား တိုက်ခိုက်ခံနေရပါတယ်။
စစ်တပ်အတွက် တပ်သားသစ်ရင်းမြစ်များအစဉ်အဆက်မွေးထုတ်ရာ စစ်ကိုင်းတိုင်းဟာ အခုတော့ စစ်တပ်ကိုပြန်တိုက်ခိုက်မယ့် အင်အားကောင်းအဖွဲ့တွေဖြစ်လာလို့ စစ်ဗိုလ်ချုပ်ကြီးအဖို့ ခေါင်းမီးတောက်စရာဖြစ်လာပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်စိုက်ရာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းကို လက်မလွတ်ရရေး စစ်တပ်ဟာ စစ်ဆင်ရေးနာမည်ပေါင်းစုံပေးလို့ နှိမ်နင်းလာပါတယ်။
ခရစ်ယာန်များအပေါ် စစ်ကောင်စီရဲ့အငြိုးအတေးဇစ်မြစ်
===================================
စစ်တပ်ရဲ့အမြင်မှာ ပြည်တွင်းစစ်ကို ဖန်တီးပြီး တိုင်းပြည်ကို ဖျက်ဆီးနေသူများဟာ ခရစ်ယာန်ဘာသာ၀င် လက်နက်ကိုင်အဖွဲ့တွေလို့ရှုမြင်တာပါ ။
နွေဦးတော်လှန်ရေးကို အားကောင်းမောင်းသန်ပါ၀င်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် ကရင်အမျိုးသားအစည်းအရုံးKNU၊ ကချင်လွတ်မြောက်ရေးတပ် KIA၊ချင်းအမျိုးသားတပ်ဦး CNF ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့ဝင်အများစုဟာ ခရစ်ယာန်ဘာသာကိုးကွယ်ယုံကြည်သူတွေပဲဖြစ်ပါတယ်။
ခရစ်ယာန်ဘာသာ၀င်တွေဦးဆောင်တဲ့ kIA နဲ့ CNF ဟာလည်း ဗုဒ္ဓဘာသာ၀င် ဗမာအများစုရှိရာ စစ်ကိုင်းတိုင်းဆီ တော်လှန်ရေးနဲ့အတူနယ်မြေချဲ့လာပြီး ဗုဒ္ဓဘာသာကို ဖျက်ဆီးဖို့ လူမျိုးရေးဝါးမြိုဖို့ ကျူးကျော်လာတာလို့ တပ်ကြပ်ကြီးဖိုးစီ၊ စစ်သွေး၊ဘညွှန့် စတဲ့ တပ်မတော်သားများလို့ယူဆရသော စစ်တပ်လော်ဘီ တယ်လီဂရမ်တွေက မကြာခဏ စွပ်စွဲထားပါတယ်။
လူဦးရေ သိန်း၅၀ ကျော်ရှိတဲ့ စစ်ကိုင်းတိုင်းမှာ ဗုဒ္ဓဘာသာသာ၀င် ၉၂ ရာခိုင်နှုန်းရှိပြီး ဒုတိယကတော့ ခရစ်ယာန်ဘာသာ၀င် ၆ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းမှာဖော်ပြပါတယ်။ ဗုဒ္ဓဘာသာ၀င် အယောက် ၁၀၀ မှာ လူနည်းစု ခရစ်ယာန်ဘာသာ၀င် ၆ ဦးရှိတဲ့သဘောပါ။
စစ်ကိုင်းတိုင်းမှာ ခရစ်ယာန်ဘာသာရေးကျောင်းတွေနဲ့ ခရစ်ယာန်လူမျိုးစုတွေဟာ ချင်းပြည်နယ်နဲ့ ထိဆက်နေတဲ့ ကလေးမြို့နယ်မှာ အများဆုံးရှိပြီး အခြားသောခရစ်ယာန်အနွယ်၀င် ရိုမန်ကက်သလစ်ဘာ၀င် (ဗမာအခေါ် ဘုရင်ဂျီ ) တွေကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း မြောင်မြို့နယ်၊ ချောင်းဦးမြို့နယ်၊ရေဦးမြို့နယ်၊တန့်ဆည်မြို့နယ်နဲ့ခင်ဦးမြို့နယ်တွေမှာနေထိုင်ကြပါတယ်။
စစ်ကိုင်းတိုင်းရောက် ခရစ်ယာန်ဘာသာ သမိုင်းကြောင်း
===========================
တောင်ငူခေတ်မှာ ရခိုင်ဘုရင်မင်းများပိုင်တဲ့ သံလျင်ကို မြို့စားအဖြစ် ပေါ်တူဂီလူမျိုး ဒီဘရစ်တို(မြန်မာအခေါ်
ငဇင်ကာ)ကို ခန့်ထားခဲ့တယ်။ ဒီဘရစ်တိုဟာ တောင်ငူဘုရင် နတ်သျှင်နောင်ကို တိုက်ခိုက်သိမ်းပိုက်ကာ လူတွေကို ခရစ်ယာန်သာသနာဝင်စေပါတယ်။ အဲဒီအကြောင်းကို အင်း၀ဘုရင် အနောက်ဖက်လွန်မင်းကြားသိတော့ သက္ကရာဇ် ၁၆၁၃ခုနှစ်မှာ သံလျင်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းတွေက ဆိုပါတယ်။
ဒီဗရစ်တိုစစ်ရှုံးလို့ ကွပ်မျက်ခံရပြီး ကျန်ခဲ့တဲ့ ဇနီး လူဝီဇာနဲ့ပေါ်တူဂီလူမျိုး ၄ထောင်ကျော်ဟာ စစ်သုံ့ပန်းအဖြစ် မိုင်၅၀၀ ကွာဝေးတဲ့ အင်းဝမြို့သို့ ခေါ်ဆောင်သွားခံရပါတယ်။အင်း၀ဘုရင် သာလွန်မင်းတရား လက်ထက်မှာတော့ နိုင်ငံခြားသားတွေ များပြားလာလို့ ပုန်ကန်မှာ စိုးရိမ်တဲ့အတွက် ပေါ်တူဂီနွယ်အားလုံးကို မူးမြစ်နဲ့ချင်းတွင်းမြစ်ကြား မြေနိမ့်ဒေသများဆီသို့ ခွဲခြားပို့ကာ မိမိတို့ဘာသာ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ ဗမာတို့နဲ့ ထိမ်းမြားခွင့်ပြုခဲ့ပါတယ်။
မူးမြစ်နဲ့ချင်းတွင်းမြစ်အကြား ဘုရင်ဂျီဘာသာ၀င်တွေ ရွှေ့ပြောင်းနေထိုင်ခဲ့ကြတာကတော့ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပရိမ္မရွာနဲ့ နဘက်ရွာ၊ ချောင်းဦးမြို့ ၊ရွှေဘိုခရိုင် ရေဦးမြို့နယ် ချမ်းသာရွာ၊ ခင်ဦးမြို့နယ် မုံလှရွာ၊တန့်ဆည်မြို့နယ် ချောင်းရိုးရွာတို့ဖြစ်ပါတယ်။
နဘက်ရွာ၊ချမ်းသာရွာ၊မုံလှရွာ၊ချောင်းရိုးရွာတို့မှာ ရိုမန်ကသလစ်ဘာသာ၀င် ထောင်ပေါင်းများစွာဟာ ဗုဒ္ဓဘာသာ၀င်တွေနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲပြီးနှစ်ပေါင်းရာချီနေထိုင်နေကြတာပါ။
ပစ်မှတ်ထားခံရတဲ့ ခရစ်ယာန်အမွေအနှစ်များ
=========================
အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်ကာလအတွင်း စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်၊တိုင်းရင်းသားလက်နက်ကိုင်တို့အကြား တိုက်ပွဲအရေအတွက် ၉ထောင်ကျော် ဖြစ်ခဲ့ပြီး မြို့နယ်ပေါင်း ၃၃၀ မှာ ၂၀၅မြို့အထိ တိုက်ပွဲတွေရှိခဲ့ပါတယ်။
ကရင်ပြည်နယ်ပြီးရင် တိုက်ပွဲဖြစ်ပွားမှု ဒုတိယအများဆုံးက စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပြီး တိုက်ပွဲပေါင်း တစ်ထောင်ကျော်ဖြစ်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့မူဝါဒလေ့လာရေးအင်စတီကျူ့ ISP-Myanmar ကထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် ၃သန်းကျော်ထိ ရှိလာပြီး ဒုက္ခသည်ထက်၀က်ကျော်ဟာ စစ်ကိုင်းတိုင်းကဖြစ်တယ်လို့ ISP ကဆိုပါတယ်။
စစ်ကိုင်းတိုင်းက စစ်ပြေးဒုက္ခသည် ၁သန်းကျော်ဟာ တိုက်ပွဲတွေထက် နေအိမ်တွေမီးရှို့ဖျက်ဆီးခံရလို့ထွက်ပြေးရတာ ပိုများတာပါ။အဲဒီထဲမှာ စစ်ပြေးဒုက္ခသည် ၁သိန်းကျော်ဟာ လူနည်းစု ခရစ်ယာန်ဘာသာ၀င်တွေဖြစ်တယ်လို့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာအမေရိကန်ကော်မရှင်ရဲ့နောက်ဆုံးထုတ်အစီရင်ခံစာကဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာ နေအိမ်၊အဆောက်အဦ ၅သောင်းနီးပါး မီးရှို့ခံထားရပြီး အဲဒီထဲမှာ ရိုမန်ကသလစ်ဘာသာ၀င်ကျေးရွာများရှိရာ ရေဦး၊တန့်ဆည်၊ခင်ဦး ၊ဒီပဲယင်းမြို့နယ်တွေက အများဆုံးဖြစ်နေပါတယ်။အဲဒီဒေသတွေဟာ ၂၀၂၃ ခုနှစ်စပိုင်းကတည်းက စစ်အုပ်ချုပ်ရေးနယ်သတ်မှတ်ပြီး ထိုးစစ်ဆင်ခံနေရတာပါ။
၂၀၂၃ နှစ်စပိုင်းမှာပဲ ခရစ်ယာန်ဘာသာ၀င် တစ်ထောင်ကျော်နေထိုင်တဲ့ ရေဦးမြို့နယ် ချမ်းသာရွာကို စစ်တပ်က လေးကြိမ်မြောက်၀င်မီးရှို့ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်က မြန်မာ့ရှေးဟောင်းအမွေအနှစ်အဖြစ်သတ်မှတ်ခဲ့တဲ့ ခရစ်ယာန်များအထွဋ်အမြတ်ထားရာ နှစ်ပေါင်း ၁၂၉ နှစ်သက်တမ်းရှိ သမိုင်း၀င် ဗိမာန်တော်ဘုရားရှိခိုးကျောင်း၊ကောင်းကင်ဘုံပင့်ဆောင်ခြင်းခံရသော မယ်တော်သခင်မကျောင်း၊ခေါင်းလောင်စင်တို့ကိုလည်း လက်နက်ကြီးနဲ့ထုပြီး မိုင်းခွဲ မီးတိုက်ခဲ့တာပါ။
ဒီဖျက်ဆီးမှုကို စစ်တပ်လော်ဘီ တယ်လီဂရမ်တွေမှာ ခရစ်ယာန်ကျောင်းက PDF စခန်းလုပ်ထားပြီး လက်နက်တွေ သိုဝှက်ထားလို့ ဆိုပြီးဝါဒဖြန့်ပါတယ်။
၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းမှာလည်း ခရစ်ယာန်အများစုနေထိုင်ရာ တန့်ဆည်မြို့နယ်ချောင်းရိုးရွာကို စစ်တပ်က မီးရှို့ခဲ့ပြီး ဘုရားကျောင်းကတော့ ကံကောင်းထောက်မစွာ ကျန်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒါ့အပြင် ကသလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဌ ကာဒီနယ်ချားစ်မောင်ဘိုရဲ့မွေးရပ်မြေ ခင်ဦးမြို့နယ် မုံလှရွာလည်း မီးရှို့ခံခဲ့ရပါတယ်။မုံလှရွာဟာ ခင်ဦးမြို့နဲ့ ၁၄ မိုင်ဝေးပြီး ၁၂ ရာစု ဥရောပခေတ် ဂိုသစ်လက်ရာဟန် တည်ဆောက်ထားတဲ့ စိန့်မိုက်ကယ် ဘုရားကျောင်းတည်ရှိပါတယ်။အဲဒီကျောင်းထဲမှာ အီတလီသာသနာပြု ခရစ်ယာန်ဘုန်းတော်ကြီးများ ဂူသင်္ချီုင်း တွေရှိပြီး မြန်မာပုံနှိပ်စာ တီထွင်သူ ဘုန်းတော်ကြီး မွန်ဆာ ဂျွန်မာရီပဲရ်ကော်တို ကဗ္ဗည်းမှတ်တမ်းအုတ်ဂူလည်း ရေးထိုးထားပါတယ်။
စစ်ကြောင်းထိုးရင်း လူမျိုးရေးအမုန်းစကားများဖြန့်
==========================
ချင်းပြည်နယ်တံခါး၀ စစ်ကိုင်းတိုင်းကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦးရွာ၊ညောင်ကုန်းရွာ တွေကို ၂၀၂၂ခုနှစ် ဧပြီလက စစ်တပ်၀င်ရောက်စဉ်မှာလည်း ခရစ်ယာန်ဘုရားကျောင်းကို တပ်စွဲပြီး “ချင်းစုတ်တွေ ၊နောက်တစ်ကြိမ်ဆို ဒီကျောင်းပါ မီးရှို့ပစ်မယ်” လို့ လူမျိုးရေးခွဲခြားတဲ့ စာတွေ မီးသွေးခဲနဲ့ရေးထားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ နန်းချောင်းရွာမှာလည်းခရစ်ယာန်ကျောင်းအပါအ၀င်နေအိမ် ၂၀ ကျော်ကို ၂၀၂၀နှစ်ကုန်က ဖျက်ဆီးခဲ့ပါတယ်။
ကလေးမြို့ပေါ် လှိုင်သာယာရပ်ကွက် ဇိုးခွားဇုံနယ်က ခရစ်ယာန်ကျောင်းဖျက်ဆီးမီးရှို့မှုမှာတော့ အကြမ်းဖက် PDFတွေကလုပ်တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းထဲက လူနည်းစု ဘာသာ၀င်တွေရဲ့ ၀တ်ပြုကိုးကွယ်ရာကျောင်းတွေ၊လူနည်းစု ဘာသာ၀င်တွေနေထိုင်ရာ ကျေးရွာတွေ ဖျက်ဆီးခံရတာ၊စစ်ကြောင်းထိုးတာနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုထားတာမရှိပါဘူး။ဗုဒ္ဓဘာသာနဲ့ ဘုန်းတော်ကြီးတွေကိုစော်ကားရေးသားသူများကို ဖမ်းဆီးအရေးယူမယ်ဆိုတာကတော့ စစ်ကောင်စီရဲ့သတင်းစာရှင်းလင်းပွဲမှာ တရား၀င်ပြောဆိုထားပါတယ်။
စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်အထိ နိုင်ငံတ၀န်းက ခရစ်ယာန်ဘုရားကျောင်းတွေအပါအ၀င် ဘာသာရေးအထွဋ်အမြတ်ထားရာ နေရာ ၁၀၀ ကျော်ဖျက်ဆီးခံရတယ်လို့ အာရှကတ်သလစ်အသင်းတော်များ UCAရဲ့ သတင်းလွှာမှာဖော်ပြထားပါတယ်။
၂၀၂၂ခုနှစ်အောက်တိုဘာလ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင်ကထုတ်တဲ့ စစ်အာဏာသိမ်းပြီး လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုချိုးဖောက်ခံရမှုအစီရင်ခံစာမှာ တိုင်းနဲ့ပြည်နယ် ၁၂ခုက သဘာသာရေးအဆောက်အဦ ၄၂ ခုမှာ မြန်မာစစ်တပ်က စခန်းချနေထိုင်ခဲ့တာလို့ ပြောဆိုထားပါတယ်။
တယ်လီဂရမ်မှ လှုံ့ဆော်မှု
====================
စစ်ကောင်စီလော်ဘီတွေရဲ့ တယ်လီဂရမ်မှာ မေလအတွင်းက ရခိုင်ပြည်စစ်တွေမြို့ကစလို့ မြန်မာနိုင်ငံအလယ်ပိုင်းကိုဖြတ်ကျော်ပြီး ကချင်ပြည်နယ်မှာအဆုံးသတ်တဲ့မိုခါဆိုင်ကလုန်းမုန်တိုင်းသတင်းဖြန့်ဝေရာမှာ ဗုဒ္ဓဘာသာရဟန်းကျော် ၇၀ ကျော်ကို သတ်ဖြတ်ခဲ့ကြတဲ့ ခရစ်ယာန် KIAနဲ့ပူးပေါင်းတဲ့ PDFထောက်ခံတဲ့ လူတစ်စုအဖို့ ဘုရားရိုက်တာဖြစ်ကြောင်း ဝေမျှပြောဆိုကြပါတယ်။
မွတ်စလင်တွေရှိရာ ရခိုင်ကနေ၊ခရစ်ယာန်တွေရှိရာ ကချင်ပြည်နယ်ကို မိုခါမုန်တိုင်းဦးတည်တိုက်တာက ကပ်ဆေးတာဖြစ်ပြီး ကယ်တင်ရှင် ဖန်ဆင်းရှင် မရှိဘူးလို့ အရှင်ဝိစာရိန္ဒမထေရ်ဟု အမည်တပ်ထားတဲ့ ဖေ့စ်ဘွခ်အကောင့်က စာတွေကိုလည်း လော်ဘီတွေကဖြန့်ကြပါသေးတယ်။
တပ်မတော်သားတွေဟာ ဗုဒ္ဓဘာသာကို အမျိုးသားရေးအတွက် ဦးလည်မသုန်ထမ်းဆောင်နေကြရတဲ့ ဗုဒ္ဓစစ်သည်တော်တွေလို့ တင်စားကြပါတယ်။ KIA/ KIO အဖွဲ့မှာ ဂျိမ်းဖောမျိုးနွယ်စုက ဦးဆောင်ပြီး မျိုးနွယ်မတူသော လီဆူး၊ရ၀မ်တို့ကိုပင် သတ်ဖြတ်နေတာမို့ ဗမာလူမျိုးများရှိရာ စစ်ကိုင်းတိုင်းက တော်လှန်ရေးကို လက်နက်၊စစ်ပညာကူညီနေတာ စေတနာထား၍ မဟုတ်ကြောင်း၊ kIA ထိန်းချုပ်နယ်မြေ မိုင်ဂျားယန်မှာတော့ ဘွဲ့နှင်းသဘင်တွေပြုလုပ်ပြီး စစ်ကိုင်းတိုင်းထဲက လူငယ်တွေကိုတော့ ပညာသင်ခွင့်မရအောင် နှိပ်ကွပ်ထားတယ်လို့ လော်ဘီတယ်လီဂရမ်တွေက လှုံ့ဆောင်ဝါဒဖြန့်ပါတယ်။
“မိုးကောင်းတုန်းရွာထားကြ၊ကုလားနဲ့ခရစ်ယာန်တို့ရေ၊ဘာသာရေးတိုက်ပွဲဖြစ်တဲ့နေ့ကြရင်လွတ်အောင်တာပြေးကြ” ဟုကြုံးဝါးမှုမျိုးကိုလည်း လော်ဘီတယ်လီဂရမ်တွေက မကြာခဏပြောဆိုတာတွေ့ရပါတယ်။
၁၉၅၀ ခုနှစ်က ခရစ်ယာန်ကရင်သူပုန်လင်းထင်ဟာ စစ်တောင်း-မုတ္တမ ရထားကို မိုင်းခွဲပြီး ခရီးသည်တွေဆီက လက်၀က်ရတနာတွေလု၊ ကျောင်းပိတ်လို့အိမ်ပြန်တဲ့ ဗုဒ္ဓဘာသာ မြန်မာ-မွန်မိန်းကလေးတွေကိုဖမ်းပြီး မုဒိန်းကျင့်ကာ တရုတ်ကူမင်တန်တွေဆီ လက်နက်နဲ့လဲလှယ်ရောင်းစားခဲ့တဲ့ ကာမဘီလူးချုပ်ဖြစ်ကြောင်း သမိုင်းကြောင်းစာများကိုလည်း ဖြန့်ဝေကြပါတယ်။
ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ရှမ်းနီစာပေသင်ကျောင်းဆရာတွေ၊ရှမ်းနီဘုန်းတော်ကြီးတွေကို ကချင် KIA နဲ့ PDFက အကြောင်းမဲ့သတ်ဖြတ်တယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပြီးနောက်မှာ ရှမ်းနီအမျိုးသားတပ်မတော် (SNA)ခေါင်းထောင်လာပြီး kIA နဲ့စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲတွေ တကြော့ပြန် ဖြစ်လာပါတယ်။
ဒါဟာလည်း နွေဦးတော်လှန်ရေးမှာ PDFတွေနဲ့ပူးပေါင်းဖို့ ငြင်းဆန်လို့ စစ်တပ်နဲ့ပူးပေါင်းနေတယ်လို့ သံသယဖြစ်ဖွယ်ကောင်းတဲ့ ရှမ်းနီလက်နက်ကိုင် SNA အတွက် နိုင်ငံရေး အကွက်ဖော်မှုတစ်ခုလို့ လေ့လာသူများက မှတ်ချက်ပြုပါတယ်။
တော်လှန်ရေးစိတ်ဓာတ်တွေကြား
တိုးမပေါက်တော့တဲ့ ဝါဒမှိုင်း
======================
အင်တာနက်ဖြတ်တောက်ခံထားရတဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၂၃ ခုရဲ့ကျေးရွာ ၃ထောင်ကျော်ဟာ လော်ဘီများရဲ့ လူမျိုးဘာသာရေးသွေးခွဲမှုစက်၀န်းသက်ရောက်မှုမရှိဘဲ စစ်လေယာဉ်နဲ့ကြဲချတဲ့ ဝါဒဖြန့်စာရွက်များဟာလည်း တော်လှန်ရေးစိတ်အားထက်သန်နေတဲ့အညာဒေသခံတွေအကြား ဟာသဆန်လွန်းတယ်လို့ မှတ်ချက်ပြုကြပါတယ်။
သမိုင်း၀င်ခရစ်ယာန်ဘုရားကျောင်းဖျက်ဆီးခံရတဲ့ ချမ်းသာရွာမှာလည်း ဓားစားခံအဖြစ် ဖမ်းခေါ်ခံရသူတွေကို စစ်တပ်က ပြောတာက ငဇင်ကာဟာ မြန်မာပြည်သူတွေလှူဒါန်းထားတဲ့ခေါင်းလောင်းတွေ၊ ဌာပနာတွေဖောက်ယူသူ၊ကြေးဘုရားဆင်းတုတော်တွေကို အမြောက်ဆံ သေနတ်ကျည်ဆံလုပ်ပြီး ဗုဒ္ဓသာသနာကိုမျိုးဖြုတ်ဖို့ကြံခဲ့တဲ့ သာသနာဖျက်လို့ သမိုင်းလှန်ပြောကြောင်း ပြန်ပြောပြပါတယ်။
ဗုဒ္ဓဘာသာ၀င်အများစုရှိတဲ့ မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်ရေးလက်ထက်မှာ ဘာသာရေးလွတ်လပ်ခွင့်ဟာ ကျဆင်းနေပြီး အထူးသဖြင့် လူနည်းစု ခရစ်ယာန်တွေကို ဖိနှိပ်နေတယ်လို့ အမေရိကန်နိုင်ငံတကာဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်ကော်မရှင် (USCIRF)ကပြောပါတယ်။
မြန်မာနိုင်ငံကို “ကိုးကွယ်မှုဘာသာရေးအရစိုးရိမ်ရတဲ့နိုင်ငံ” အဖြစ်သတ်မှတ်ထားပြီး စစ်ကောင်စီဟာ သူရဲ့တရား၀င်မှုရရှိဖို့ လူအများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို အားပေးချီးမြှောက်ကာကွယ်မှုတွေလုပ်နေတယ်လို့ USCIRF ကဆိုပါတယ်။စစ်တပ်ဟာ လူနည်းစု ကိုးကွယ်ရာ ဘာသာ၀င်တွေ ၀တ်ပြုဆုတောင်းရာ အဆောက်အဦတွေကို တစ်နှစ်ပတ်လုံးပစ်မှတ်ထားတိုက်ခိုက်နေပြီး လူနည်းစု ဘာသာ၀င်တွေရဲ့ကျေးရွာတွေ၊နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
၂၀၁၇ခုနှစ်က ရခိုင်မှာ ရိုဟင်ဂျာတွေအပေါ် စစ်တပ်က တပ်ဖြန့်နှိမ်နင်းခဲ့သလို အခုလည်း ခရစ်ယာန်အသိုင်းအဝိုင်းအပေါ် အလားတူဗျူဟာဟောင်းကို ကျင့်သုံးလာတာလို့ USCIRF အစီရင်ခံစာကရေးပါတယ်။
သတ်ဖြတ်မှုတွေ၊ဘာသာရေးအဆောက်အဦတွေ မီးရှို့ဖျက်ဆီးနေသူများဟာ တဖက်မှာလည်း ဘုရားတည်၊ဆွမ်းလောင်းပွဲတွေ ပြုလုပ်နေကြပါတယ်။