ရခိုင်မှာ ကူညီကယ်ဆယ်ရေးလုပ်မယ့်အဖွဲ့တွေ ခွင့်ပြုချက်တင်ရမယ်လို့စစ်ကောင်စီဆိုပြန်

ဇွန်၊ ၁၂

ရခိုင်မှာ မူလက ခရီးသွားလာခွင့် ခွင့်ပြုချက်ရထားပြီးသားအဖွဲ့တွေက လွှဲလို့ ကျန်အဖွဲ့အတွေအနေနဲ့ မုန်တိုင်း သင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်မယ်ဆိုရင်ခွင့်ပြုချက်တင်ပြီးမှပဲပြုလုပ်ခွင့်ရမှာဖြစ်တယ်လို့ စစ် ကောင်စီနဲ့ ကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ မုန်တိုင်းသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းကူညီရေးအဖွဲ့ တွေအားလုံးကို ခရီးသွားလာကူညီခွင့် ရပ်ဆိုင်းထားကြဖို့ ဇွန်လ ၇ ရက်မှာ စာထုတ်တားမြစ်ခဲ့ပါတယ်။

 ဒါပေမယ့် ဇွန်လ ၁၁ ရက်က ထပ်မံထွက်ပေါ်လာတဲ့ ညွှန်ကြားစာမှာတော့ အရင်ခွင့်ပြုချက်ပေးထားပြီးသား အဖွဲ့ တွေကို ခရီးသွားလာခွင့်နဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ခွင့်ရှိကြောင်းပြန် လည်ဖော်ပြလာ ပြန်ပါ တယ်။

 “ခွင့်ပြုချက်ရပြီးသားအဖွဲ့တွေပဲကို ပြောတာပါ၊ မရသေးတဲ့အဖွဲ့တွေကျတော့ စာထပ်တင်ရမှာ၊အရင်ကဆိုရင် WFP က တလစာ ခွင့်ပြုချက်ရထားပြီးသားပေါ့၊သူတို့ လုပ်လို့ရမယ်၊ နောက် NGO တွေနဲ့ ရခိုင်က အရပ်ဘက် အဖွဲ့ကြီးတချို့လည်း တင်ထားတာတွေရှိတယ်၊အဲလိုပေါ့၊ဒါပေမယ့် ဒါက မုန်တိုင်းအတွက်သီးသန့်တော့ မဟုတ် ဘူး”လို့ ရခိုင်အခြေစိုက်အရပ်ဖက်အဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

  အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာနဲ့ ပြည်တွင်းအလှူရှင်အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို သူတို့စိတ် ကြိုက် စီမံလိုတဲ့အတွက် အခုလိုမျိုး ကန့်သတ်လိုက်တာဖြစ်ပြီး သူတို့နဲ့ နီးစပ်တဲ့အဖွဲ့တွေကိုပဲ ခွင့်ပြုချက်ပေးမှာ ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့တွေက ထောက်ပြကြပါတယ်။

  “သူတို့ သွားစေချင်တဲ့နေရာတွေကိုပဲ သွားခွင့်ပေးမယ့်သဘောမျိုး၊ ခွင့်ပြုချက်တင်ရင်လည်း သူတို့ပေးချင်မှပဲ ပေး မှာ”လို့ နောက်ထပ် ဒေသတွင်း ကူညီရေးအဖွဲ့တခုက တာဝန်ရှိသူတဦးက ပြောပါတယ်။

 ဒါပေမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ဦးလှသိန်းကတော့ NGO တွေရဲ့ လှူဒါန်း ထောက် ပံ့ တာတွေကို ပိတ်ပင်တားမြစ်ထားတာမရှိဘဲ သက်ဆိုင်ရာအာဏာပိုင်ကို သတင်းပေးပို့ပြီး ပူးဆောင်ရွက်ကြဖို့ သာဖြစ်တယ်လို့ သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပြောထားပါတယ်။

“NGO ဆိုတာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေပါ၊ဥပဒေအရ မှတ်ပုံတင်ဖွဲ့စည်းထားကြပါတယ်၊ဒီအဖွဲ့အစည်း တွေ ကယ်ဆယ်ရေး၊ ထောက်ပံရေးလုပ်ရင် သက်ဆိုင်ရာ ဒေသအာဏာပိုင်(မစဖ)တွေ အသိပေးဖို့လိုပါတယ်၊ ကယ်ဆယ်ရေးပစ္စည်းတွေရသူက နှစ်ခါထပ် သုံးခါထပ် ရသူရပြီး တစ်ချို့က တခါဘဲ ရတာရှိရင် အဓိကအားဖြင့် စီမံတဲ့အစိုးရကိုဘဲ လက်ညှိုးထိုးမှာဖြစ်လို့ NGO တွေ လှူဒါန်းထောက်ပံ့တာတွေ လုပ်မယ်ဆိုရင် တားမြစ်တာ မရှိ ပါ”လို့ ဦးလှသိန်းက ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ဦးလှသိန်းကို DNA က ထပ်မံဆက်သွယ်မေးမြန်းပေမယ့် ဖုန်းပြန်လည်ဖြေကြားခြင်းတော့ မရှိပါဘူး။

ကုလသမဂ္ဂ(UN)နဲ့ နိုင်ငံတကာကူညီရေးအဖွဲ့(INGO)တွေအနေနဲ့ မုန်တိုင်းသင့်ပြည်သူတွေကို ကူညီမယ်ဆိုရင် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကနေတစ်ဆင့် ကူညီကြဖို့လည်း စစ်ကောင်စီက အကြောင်းပြန်ပြောဆိုထားပါ တယ်။

UN/INGO အဖွဲ့တွေ ကိုယ်စား ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းပေါင်းစပ်ရေးရုံး(UNOCHA)က စစ် ကောင်စီထံ အကူအညီပေးရေးကိစ္စ တင်ပြလာတဲ့အခါမှာ စစ်ကောင်စီက အဲဒီလို အကြောင်းပြန်ထားတာပါ။

 မုန်တိုင်းသင့်ပြည်သူတွေကို စစ်ကောင်စီဆီကနေတဆင့်သာ ကူညီရမယ်ဆိုရင် စစ်ကောင်စီရဲ့ ထိန်းချုပ်မှုမရှိ တော့တဲ့ ရက္ခိုင့်တပ်တော်(AA)ထိန်းချုပ်နယ်မြေတွေအတွက် အခက်အခဲရှိနိုင်တယ်လို့ ရခိုင်မှာ မုန်တိုင်းသင့်ပြည် သူတွေကို ကူညီနေသူတဦးက ထောက်ပြပါတယ်။

“အရင်ဆုံး AA ထိန်းချုပ်နယ်မြေတွေကို ဘယ်လိုထောက်ပံ့ပေးမလဲ ဒါတချက်ရှိတယ်၊နောက်ထပ် ကြားက ဖြတ် စားမယ့် ဟာတွေကတော့ နောက်မှပေ့ါ”လို့ သူက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းသင့်ပြည်သူတွေကို ဆန်(တစ်ဦးလျှင် နို့ဆီဗူး နှစ် လုံးကျ)၊ ဆီအချို့သာ ထောက်ပံ့ပေးပြီး ထိရောက်တဲ့ အကူအညီတွေ ပေးတာမျိုး အခုထိ မတွေ့ရသေးဘူးလို့ ဒေသတွင်း အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် ရခိုင်ပြည်နယ်မှာ မုန်တိုင်းသင့်ပြည်သူ တသန်းကျော်ရှိခဲ့ပြီး လူ နေအိမ်အပါအဝင် အဆောက်အဦးပေါင်း နှစ်သိန်းခွဲနီးပါးလည်း ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ တိုက်ပွဲကာလတုန်းကလည်း စစ်ဘေးဒုက္ခသည်တွေအပေါ် သွားရောက်ကူညီတဲ့ ကူညီ ရေးအဖွဲ့တွေကို ဟန့်တား၊ ကန့်သတ်မှုတွေ ပြုလုပ်ပြီး နိုင်ငံတကာကူညီရေးအဖွဲ့(INGOs)တွေကိုလည်း ခရီးသွား လာခွင့်တွေ လနဲ့ချီပြီး ပိတ်ပင်ထားခဲ့ဖူးပါတယ်။

လက်ရှိမှာလည်း ပဋိပက္ခဒေသတွေက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေသူတွေဆီ အကူအညီတွေ မရောက်အောင် စစ်ကောင်စီက ဖြတ်လေးဖြတ် မူဝါဒကျင့်သုံးနေတာကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေ နဲ့ အကူအညီတွေပေးရာမှာ လိုအပ်နေသူတွေဆီ အမှန်တကယ်ရောက်ရှိရေးလုပ်ဆောင်ဖို့လိုတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက အခုလအတွင်း ကုလအစည်းအဝေး တရပ်မှာပြောထားပါတယ်။