ဇွန်၊ ၁၂
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး တင်ပြချင်တာ ရှိပါတယ်။ အပိုင်း (၇) ပိုင်းခွဲပြီး တင်ပြချင်ပါတယ်။
၁။ လူထုသဘော။
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး သာမန် ပြည်သူလူထုအများစုရဲ့ သဘောထားကတော့ – ဒေါ်အောင်ဆန်းစုကြည်ကို မမေ့သေးပါဘူး။ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တယ်၊ လေးစားတယ်၊ မြတ်နိုးတယ်၊ တမ်းတယ်၊ မျှော်လင့်တယ်၊ အားကိုးတယ်။ ဒေါ်စုဟာ လောလောဆယ်အားဖြင့် အများပြည်သူလူထုရဲ့ မျက်မှောက်ရှေ့မှာ ကာယကံမြောက် ထွက်ပေါ်လာနိုင်သေးတဲ့ အခြေအနေမှာ မရှိပေမယ့်၊ ဒေါ်စုအပေါ်မှာ သာမန် အများပြည်သူလူထုကတော့ ယခင်တုန်းက ထားရှိတဲ့ သဘောထားအမြင် များများစားစား ပျက်ယွင်း ပြောင်းလဲသွားတာကို မတွေ့ရပါ။ ဖြစ်နိုင်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ပြန် မျှော်လင့်တောင့်တပါတယ်။ လောလောဆယ်အားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို စစ်အာဏာရှင်စနစ် ဖြိုချရေးအတွက် အားကိုးတယ်လို့ ထင်ရပေမယ့်၊ မရှိသုံး သုံးနေတဲ့ သဘောဖြစ်ပါတယ်။ ဒေါ်စုသာ ကျေးဇူးပြုခွင့်ရရင် — ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ကို မြန်မာလူထုက ကောက်ကောက်ပါအောင် လိုက်အုံးမှာပါပဲ။ ဒီနေရာမှာ — အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တော်လှန်ရေးလမ်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသဘောထား လမ်းစဉ် / မဟာဗျူဟာ ဘယ်လောက် ထပ်တူကျသလဲဆိုတာကို မေးခွန်း ထုတ်ရပါလိမ့်မယ်။ သေချာပေါက် ပြောနိုင်တာက — အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်ထဲမှာ ဒေါ်စုရဲ့ ယခင် တည်ဆဲ ရာထူးနေရာဖြစ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတာကို ဇွတ်အတင်း ထည့်သွင်းထားတာဖြစ်ပေမယ့် (အန်ယူဂျီ ညီမျှခြင်း ဒေါ်စု) ရယ်လို့ ပုံသေ တွက်လို့ မရဘူး ဆိုတဲ့ အချက်ဖြစ်ပါတယ်။
၂။ မျက်နှာသစ်နိုင်ငံရေးသမားတွေရဲ့ အခန်းကဏ္ဍ။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နွေဦးတော်လှန်ရေးလှုပ်ရှားမှုကြီး ပေါ်ပေါက်လာပါတယ်။ နွေဦးတော်လှန်ရေးလှုပ်ရှားမှုကြီးဟာ — မျက်နှာသစ် နိုင်ငံရေးသမားတွေနဲ့ မျက်နှာသစ်တော်လှန်ရေးမျိုးဆက်ကို မွေးဖွားပေးလိုက်ပါတယ်။ လူထုကြားထဲကသော်လည်းကောင်း၊ ကျောင်းသားထုကြားထဲကသော်လည်းကောင်း၊ ကွန်မြူနတီနယ်ထဲကသော်လည်းကောင်း ထွက်ပေါ်လာတဲ့ မျက်နှာသစ် နိုင်ငံရေးသမားတွေ အမြောက်အမြား ပေါ်ထွက်လာပါတယ်။ နိုင်ငံရေးသွေးသစ်တွေ အမြောက်အမြား ပေါ်ထွက်လာပါတယ်။ ဒီဖြစ်စဉ်ဟာ – မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ လွှမ်းမိုးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍနဲ့ တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်သောအားဖြင့်လည်းကောင်း သက်ရောက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သွေးသစ်နိုင်ငံရေးအုပ်စုထဲမှာ မပါတော့ပါဘူး။ သွေးဟောင်းနိုင်ငံရေးအုပ်စုထဲက ဧကရီဖြစ်ပါတယ်။ အခုတော့ ဧကရီဟောင်းဖြစ်သွားပြီလားလို့ မပြောတတ်ပါ။ နွေဦးတော်လှန်ရေးမှာ မျက်နှာသစ်နိုင်ငံရေးသမားသစ်တွေ ပေါ်ထွက်လာခြင်းဟာ – ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍကို သွယ်ဝိုက်သောနည်းအားဖြင့် သက်ရောက်မှု ရှိပါတယ်။
မျက်နှစ်သစ်နိုင်ငံရေးသမားတွေထဲမှာ ဒေါ်စုအလွန် နိုင်ငံရေး အခင်းအကျင်းကို အများအပြား ထည့်သွင်းစဉ်းစား လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဒေါ်စုရဲ့ အသက်အရွယ်နဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းအရ အကန့်အသက်တွေ ရှိလာပြီဆိုတာကို မျိုးဆက်သစ်နိုင်ငံရေးသမားတွေက ရှုမြင်လာပါတယ်။ ဒေါ်စုဟာ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းကို ကျေးဇူးပြုသင့်သည်ထက် ပိုသော ကျေးဇူးပြုမှု ရှိခဲ့ပြီးပြီ။ ဒါ့ကြောင့် ထပ်ပြီး မမျှော်လင့်သင့်တော့ဘူး။ ထပ်ပြီး အားမကိုးသင့်တော့ဘူး။ ဒေါ်စု ဗဟိုပြု နိုင်ငံရေးအခင်းအကျင်းဟာလည်း – တော်သင့်ပြီ၊ ရပ်သင့်ပြီလို့ ထင်မြင်ယူဆထားကြပါတယ်။ တစ်ဖက်မှာလည်း မျက်နှာသစ်နိုင်ငံရေးသမားတွေဟာ နိုင်ငံရေးသစ်ကို စပြီး စဉ်းစားလာကြပြီလို့ ပြောနိုင်ပါတယ်။ ဒီအခင်းအကျင်းဖြစ်ထွန်းလာဖို့၊ ဒေါ်စုဟာ မရှိခြင်းအားဖြင့် ကျေးဇူးပြုနေတဲ့ အခြေအနေကို ဖြစ်လာပြီလို့ ယူဆတာတွေလည်း ရှိပါတယ်။ ဒေါ်စုကို မရှိခြင်းအားဖြင့် ကျေးဇူးပြုအောင် — မျက်နှာသစ်နိုင်ငံရေးသမား အုပ်စုက လုပ်ဆောင်တာ မဟုတ်ပေမယ့်၊ နိုင်ငံရေးသစ် / တော်လှန်ရေးသစ်ဆိုတာကို စဉ်းစားတဲ့အခါ၊ ဒေါ်စုဟာ လောလောဆယ်အားဖြင့် လူထုမျက်နှာစာရှေ့ ပေါ်မလာနေခြင်းက အထောက်အပံ့တစ်ခုလို ဖြစ်နေပါတယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေး (၂) နှစ်ကျော်၊ (၃) နှစ်အတွင်းကာလမှာ – ဒေါ်စုရဲ့ နိုင်ငံရေး အခန်းကဏ္ဍဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာရော၊ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းအကြားမှာပါ အလှည့်အပြောင်း ဖြစ်လာနေတယ်လို့ ပြောနိုင်ပါတယ်။
၃။ ဗမာမဟုတ်သော လူမျိုးစု အသိုင်းအဝန်းရဲ့ သဘော။
ဗမာပြည်မ မဟုတ်တဲ့ ဧရိယာတွေမှာ နေတဲ့ တိုင်းရင်းသား ခေါင်းဆောင်မှုပိုင်းက လူပုဂ္ဂိုလ်အတော်များများဟာ — ဒေါ်စုရဲ့ ကိုယ်ရည်ကိုယ်သွေးကို လေးစားကြပေမယ့်၊ ဒေါ်စုရဲ့ မူဝါဒ /ချည်းကပ်ပုံနဲ့ သူ့နောက်လိုက်နောက်ပါ တစ်စုရဲ့ သဘောထားတွေကို မနှစ်မြို့ပါ၊ မကြိုက်ပါ။ တချို့ဆို ခါးခါးသီးသီး မုန်းတီးတာတောင် ရှိပါတယ်။ ဒါ့အပြင် — မြန်မာ့နိုင်ငံရေးရဲ့ ပါဝါကော်ရစ်ဒါပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝါဇာတ်ခုံပေါ် လုံးဝ ပြန်တက်မလာစေချင်တဲ့ ဆန္ဒတောင် ရှိနေကြတာတွေ့ရပါတယ်။ အထူးသဖြင့် ဗမာအုပ်စုနဲ့ ဗမာမဟုတ်သော လူမျိုးစုများအကြား — ဒေါ်စု မပါဝင်ဖြစ်နေခြင်းက ပိုပြီး လုပ်ရကိုင်ရတာ အားသာချက်တွေ ပိုရှိကြောင်း တိုင်းရင်းသားတွေ ဘက်က တွေးဟန်တူပါတယ်။ ဒါ့ကြောင့် – ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါဝါဇာတ်ခုံပေါ် ပြန်တက်မလာလို့ မြန်မာစစ်ခေါင်းဆောင်တွေက ဖျောက်ဖျက်ပစ်လိုက်ခြင်းကို — မကြိုဆိုပေမယ့်၊ ကန့်ကွက်ခြင်းကိုလည်း မလုပ်ဘူးဆိုတဲ့ အချက်က ထင်ရှားနေပါတယ်။ ဒီအချက်ကလည်း လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို တစ်နည်းတစ်ဖုံ အပြောင်းအလဲ ဖြစ်စေတဲ့အချက်ဖြစ်ပါလိမ့်မယ်။
၄။ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ သဘော။
မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အမြင်မှာ — ဒေါ်စုနဲ့ပတ်သက်ရင် အပျက်သဘော၊ အဖျက်သဘောကို အမြဲ တွေးခေါ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် ဒေါ်စုကို လုံးဝ ပျောက်ပျက်သွားအောင် လက်စဖျောက်ပစ်ဖို့အရလည်း နိုင်ငံရေး ဂုဏ်သိက္ခာအရ ဒါကို လုံးဝ လုပ်လို့ မဖြစ်လို့၊ အသာအယာ ချောင်ထိုးထားတာကိုပဲ လုပ်ချင်ပါတယ်။ စစ်ကောင်စီရဲ့ သဘောကတော့ — ဒေါ်စုနဲ့ လူထုအကြား မျှော်လင့်ကိုးစားမှု ချက်ကြိုးကို ဖြတ်တောက်ပစ်ဖို့ပါပဲ။ ဒါ့အပြင် ဒေါ်စုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြား နိုင်ငံရေးသားကြော ဖြတ်ပစ်လိုက်ဖို့ ကြိုးစားတာတွေ့ရပါတယ်။ ဒေါ်စုကို Symbolic Leader အဖြစ်ပဲ မြန်မာ့လူ့အဖွဲ့အစည်းမှာ ပါဝင်စေချင်ပါတော့တယ်။ ဒေါ်စုနောက်က နိုင်ငံရေးအင်အားစုနဲ့ ထောက်ကန်ပြီး ပါဝင်ပတ်သက်လာတာကို မလိုလားပါ။ လူထုနဲ့ ဒေါ်စု ပေါင်းစည်းမိကြရင် မြန်မာစစ်တပ်အကျိုးစီးပွားအတွက် မဟာအကျပ်အတည်း ဖြစ်တာကို စစ်ခေါင်းဆောင်တွေက သိပါတယ်။ ဒါ့ကြောင့် မြန်မာစစ်တပ်ဟာ ဒေါ်စုကို လူထုမျက်နှာစာရှေ့ ထပ်မရောက်အောင် အမြဲ မပြတ် လုံ့လ ထုတ်နေပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ၊ လက်နက်ကိုင်တော်လှန်ရေးမှာလည်းပါဝင်ခဲ့ဖူးသူ နိုင်ငံရေးသမားဟောင်းကြီး တစ်ယောက်က ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ပြောခဲ့ဖူးတာ အမှတ်ရပါတယ်။
● စစ်တပ်က ထုတ်သုံးဖို့ စိတ်ကူး မရှိဘူး။
● အကယ်၍ ထုတ်သုံးမယ်ဆိုရင်တောင် အတော်ကြီး နောက်ကျသွားချိန်မှ၊ ဖြစ်ချင်ဖြစ်လိမ့်မယ်။
● အဲသည့်အချိန်မှာ အတော်များများက နောက်ကျသွားပြီ…တဲ့။
ဒီမှတ်ချက်ကို ကျနော့်ကို ပြောဖူးတာ မှတ်မိပါတယ်။ တကယ်တော့ — စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးသလို၊ တစ်ဖက်မှာလည်း ဒေါ်စုအင်အားသိပ်ကြီးလာတဲ့အခါ စစ်တပ်ပါ ပြန်အသုံးခံရတာကိုလည်း တွက်ဆမိကြဟန်တူပါတယ်။ ဒါ့ကြောင့် — မြန်မာစစ်ဗိုလ်ချုပ်ဟောင်း အုပ်စုဟာ ၂၀၁၂ – ၂၀၂၀ အခင်းအကျင်းကို ကြည့်ပြီး ဒေါ်စုကို အတောင်တပ်ပေးလိုက်တဲ့သဘော တောင်ဖြစ်သွားတယ်ဆိုပြီး ယူကျုံးမရ ဖြစ်တာတွေ့ရပါတယ်။ ဒါ့အပြင် မြင်းကို ချို(ဂျို) တပ်ပေးသကဲ့သို့၊ ကျားကို အတောင်တပ်ပေးလိုက်သကဲ့သို့ ထင်မြင်ကြတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် အခုတစ်ခါလည်း ဒေါ်စုနဲ့ပတ်သက်ပြီး ကျားကို အတောင်တပ်ပေးသကဲ့သို့ မဖြစ်အောင် အထူး ဂရုတစိုက်စီမံနေကြဟန်တူတယ်။ ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေ နားလည်ထားတာက — ဒေါ်စုဟာ တစ်ခန်း တစ်ကဏ္ဍမှာ သူတို့အတွက် ကောင်းကောင်း သုံးလို့ ရသေးတဲ့သူဖြစ်တယ်လို့ ထင်မြင်နေကြတာဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍဟာ ပါရာဒိုင်းအသစ်နဲ့ ကြုံတွေ့နိုင်ဖွယ်ရှိတယ်ဆိုတာ အထင်အရှားမြင်နေရပါတယ်။
၅။ ၂၀၂၁ ခုနှစ်သည် ၁၉၈၈ ခုနှစ် မဟုတ်။
ဒါက ခေတ်ကာလ အပိုင်းအခြား မတူညီတော့ဘူးဆိုတာကို ထည့်တွက်ဖို့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍဟာ – ကာလအပိုင်းအခြားအလိုက်၊ ခေတ်အလိုက် ပြောင်းလဲ ရွေ့လျားသွားတဲ့သဘောဖြစ်တယ်ဆိုတာကို နားလည်ဖို့ ဖြစ်ပါတယ်။ ၂၀၂၁ – ၂၀၂၃ ဟာ ၁၉၈၈ – ၈၉ မဟုတ်ဘူးဆိုတာကို သတိချပ်ဖို့ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ရှစ်လေးလုံး လူထုတော်လှန်ရေးကြီးမှာ ဒေါ်စုဟာ လူလတ်ပိုင်းအရွယ်မျှသာ ဖြစ်ပါသေးတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို အစဉ်အလာကြီးခဲ့တဲ့ နိုင်ငံရေးသမားဟောင်းကြီး တစ်စု လူထုခေါင်းဆောင်သစ်အဖြစ်တွန်းတင်ကြတာတွေ့ရပါတယ်။ ဒေါ်စုဟာ လူထုခေါင်းဆောင်သစ်အဖြစ် မွေးမြူခြင်း ခံခဲ့ရပါတယ်။ ဒါ့အပြင် ကျောင်းသားနိုင်ငံရေးအင်အားစုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အားဖြည့် ဝိုင်းရံကြတဲ့ အခြေအနေမှာ ရှိပါတယ်။ အခု အခြေအနေကတော့ အဲသည်လို မဟုတ်တော့ဘူး။ ဒေါ်စုဟာ အစဉ်အလာထဲက လူထုခေါင်းဆောင်ဟောင်း တစ်ယောက်အနေနဲ့ ပြတိုက်ထဲ ရောက်တော့မယ့် အခြေအနေမှာ ရှိပါတယ်။ ဒါ့ကြောင့် ဒေါ်စုဟာ မျိုးဆက်ဟောင်းအနေနဲ့ မျိုးဆက်သစ်ကို နေရာပေးရမယ့် နေရာ ရောက်နေပြီလို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် ရှစ်လေးလုံး လူထုအရေးတော်ပုံကာလတုန်းက ဒေါ်စုဟာ ပြည်သူရဲ့ ဗဟိုမဏ္ဍိုင်အဖြစ် အာရုံကျခံရတဲ့ အဓိက ဗဟိုချက်မ ဖြစ်ခဲ့ပါတယ်။ အခု အခြေအနေက အဲသည်လို မဟုတ်တော့ပါဘူး။
၈၈ တုန်းက – ဗဟိုချက်မက သိပ်များများစားစား မရှိတော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်မလူထုအတွက် အခရာလို ဖြစ်နေတဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်။ ၂၀၂၁ အလွန်မှာတော့ – ဗဟိုချက်မတွေက ပြန့်ထွက်သွားတယ်။ ကွဲထွက်သွားတယ်။ ဗဟိုတွေ အတော်များများ ရှိလာတယ်။ မဏ္ဍိုင်တစ်ခုအပေါ်မှာ မူတည်ပြီး ရွေ့တဲ့ အရွေ့ မဟုတ်တော့ဘူး။ အင်အားစုတွေကလည်း အမြောက်အမြား ပြန့်ထွက်သွားတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ ဗဟိုပြု တည်ပြီး လှုပ်ရှားတဲ့ အလှုပ်အရှား မဟုတ်တော့ဘူး။
● ပုံသဏ္ဍာန်ကလည်း သိပ်စုံလင်သွားပြီ။
● အုပ်စုတွေကလည်း သိပ်များသွားပြီ။
● နည်းနာကလည်း လိုက်မမှီအောင် ပြန့်ထွက်သွားပြီ။
● နယ်ပယ်ကဏ္ဍအားဖြင့်လည်း ဒိုင်းနမစ် ပိုဖြစ်သွားပြီ။
● ယခင်လို ခေါင်းဆောင် တစ်ယောက်၊ အင်အားစု တစ်ခုတည်းကို တည်ပြီး ရွေ့တဲ့ အရွေ့ မဟုတ်တော့ဘူး။ ဒီလို ပုံပြောင်း တည်ရှိသွားလို့ — အားနည်းချက်တွေလည်း ရှိသလို၊ အားသာချက်တွေလည်း ရှိတယ်။
ပိုပြီး မတူတာက — ဒစ်ဂျစ်တယ် နည်းပညာကို သုံးနိုင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်ခြင်း / မဖြစ်ခြင်းက အတော်ကြီး ပြောင်းလဲသွားတယ်။ ယခင်တုန်းက နိုင်ငံရေး timing ကိုက်ကြဖို့အတွက် ဒေါ်စုကို ကြည့်နေရတယ်။ ဒေါ်စုကိုလည်း လူထုနဲ့ နိုင်ငံရေးအင်အားစု အားလုံးနီးပါးက အာရုံစိုက်ပြီး ကြည့်ပြီး အရွေ့ကို လှုပ်ရှားကြရတယ်။ အခုတော့ timing တွေ ကိုယ်စီနဲ့ အုပ်စုတွေ ကိုယ်စီ ဖြစ်နေကြပြီ။ မတူတော့ဘူး။ အသစ် အသစ်သော ဖြစ်ထွန်းမှုတွေက ပေါ်လာနေပြီ။ ဒါဟာ ပိုကောင်းသွားမှာလား၊ ပိုဆိုးသွားမှာလားဆိုတာတော့ ဘယ်သူမှ တပ်အပ် မပြောနိုင်ဘူး။ အားလုံးက မှန်းချက်နဲ့ ဇွတ်တိုးနေကြတာ။
ဒီအခြေအနေတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို ပါရာဒိုင်းသစ် အဖြစ်ကို တွန်းပေးတယ်လို့ ယူဆရပါတယ်။
၆။ ဒေါ်အောင်ဆန်းစုကြည်၏ အသက်အရွယ်။
ဒေါ်စုဟာ အခု ဇွန်လ (၁၉) ရက်နေ့မှာ အသက် (၇၈) နှစ်ပြည့်ပါပြီ။ အသက် (၈၀) အရွယ်ကို တရွေ့ရွေ့ ချည်းနင်းဝင်ရောက်လာတဲ့ လူထုခေါင်းဆောင်တစ်ယောက်ဖြစ်လာပါပြီ။ ဒေါ်စုအနေနဲ့ စိတ်ပါမယ်ဆိုရင်တောင် — မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထဲမှာ စိတ်ရောကိုယ်ပါ အစဉ်တစိုက် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ဖို့ သဘာဝအရ အကန့်အသတ်တွေ ရှိထားနေပါပြီ။ ဒီအခြေအနေကို မြန်မာစစ်ခေါင်းဆောင်တွေကလည်း သိသလို၊ နွေဦးတော်လှန်ရေးအတွင်းက မျိုးဆက်သစ် နိုင်ငံရေးသမားတွေနဲ့ မျိုးဆက်သစ် တော်လှန်ရေးသမားတွေကလည်း သိနေပါတယ်။ ဒေါ်စုရဲ့ အသက်အရွယ်ဟာ — လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ ဒေါ်စုရဲ့ အခန်းကဏ္ဍကို လွှမ်းမိုး သက်ရောက်နေတဲ့ အဓိက အချက်တစ်ခုအနေနဲ့ ပါဝင်လာပါပြီ။ ဒါ့အပြင် လက်ရှိ တည်ဆဲ ပစ္စုပ္ပန် အခြေအနေဟာ အနာဂတ်လူ့အဖွဲ့အစည်းအတွက် စဉ်းစားကြရတာ ဖြစ်လို့ Suu Dependency ဟာ တဖြည်းဖြည်းနဲ့ အင်အားဒီဂရီ လျော့ကျမှုကို ရောက်လာပြီလို့ ပြောနိုင်ပါတယ်။
၇။ နိုင်ငံတကာအသိုင်းအဝန်းရဲ့ အမြင်။
ဒီမိုကရေစီကို အမြဲတမ်း အားပေး အားမြှောက်ပြုခဲ့တဲ့ အနောက်နိုင်ငံကြီးတွေရဲ့ အမြင်နဲ့ သဘောထားဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍ အလှည့်အပြောင်းပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ အထူးသဖြင့် သူတို့က ဒီမိုကရေစီ ချန်ပီယံလို့ သတ်မှတ်ခေါ်တွင်ပြီး ပရိုမိုးရှင်းလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ – အစိုးရတာဝန်ကို ထမ်းဆောင်တဲ့ အချိန်ကာလ အပိုင်းအခြားမှာ – သူတို့ မျှော်လင့်သလိုတွေ မဖြစ်လာတာတွေ့ရပါတယ်။ အထူးသဖြင့် တရုတ်နဲ့ပတ်သက်တဲ့ မူအပေါ်မှာ၊ လူမျိုးရေး (အထူးသဖြင့်) ရိုဟင်ဂျာကိစ္စလို အရေးမျိုးမှာ ဒေါ်စုရဲ့ ရပ်ခံချက်ဟာ ပြဿနာ အတော်များများရှိလာတယ်လို့ တွက်ဆဟန်တူပါတယ်။ ဒါ့ကြောင့် အနောက်နိုင်ငံအသိုင်းအဝန်းဟာ အသက်အရွယ်အရလည်း အိုမင်းလာတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အလွန်အကျွံ ရင်းနှီးမြှုပ်နှံတာမျိုး မလုပ်တော့ပါ။ အာရုံကို မလာတော့တဲ့သဘောဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေါ်စုနဲ့ပတ်သက်ပြီး နိုင်ငံရေးကျင့်ဝတ်အရ လောကွပ်ပြောဆိုတဲ့သဘောလောက်သာ ရှိပါတယ်။ အကျိုးစီးပွားအရ ဒေါ်စုရဲ့ နိုင်ငံရေး ရပ်ခံချက်အပေါ် မျှော်လင့်ကိုးစားတာမျိုး မရှိတော့ပါ။ ဒီလို အနောက်နိုင်ငံတွေရဲ့ သဘောထားအပေါ် မူတည်ပြီးတော့ — အနောက်နိုင်ငံရဲ့ အထောက်အပံ့ခံ မြန်မာ့အရေးအင်အားစုတွေကလည်း ဒေါ်စုကို ပရိုမိုးရှင်းမလုပ်တော့တာ တွေ့ရပါတယ်။ ဒေါ်စု အလွန်ကိုလည်း သူတို့ စဉ်းစားနေကြပြီ။ အခင်းအကျင်းသစ်နဲ့ အလားအလာသစ်ဟာ — လက်ရှိ ဒေါ်စု လက်တံနဲ့ ကင်းကွာနေတဲ့ အုပ်စုသစ်တွေမှာ ပိုဖြစ်ထွန်းလာပြီလို့ ယူဆလာကြပါတယ်။ ဒီသဘောထားအမြင်တွေကလည်း မြန်မာ့နိုင်ငံရေးအတွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို အလှည့်အပြောင်း ဖြစ်လာစေကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။
မင်းသေ့
ညနေ ၄း၀၇
၁၂ ၊ ဇွန် ၊ ၂၀၂၃။