ဂန့်ဂေါမြို့မှာ နိုင်ကျဉ်းနှစ်ဦးကို စစ်ကောင်စီက မြို့ပြင်ခေါ်ပြီးပစ်သတ်

ဇွန်၊ ၁၂
 
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မှာ စစ်ကောင်စီတပ်က မြို့ပေါ်ရဲစခန်းအချုပ်ခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ဇွန် ၁၁ ရက်၊ နေ့လယ်ပိုင်းမှာ မြို့ပြင်ကို ကားနဲ့ခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ဂန့်ဂေါမြို့ခံတွေဆီက သိရပါတယ်။
 
” တံတားဖြတ်ပြီး သွားရတယ်။ ပျားရွာဘက်မှာ သေနတ်နဲ့ပစ်သတ်ထားခဲ့တာပါ။ ဒီမနက်လည်း စစ်ကြောင်းထွက်သွားတယ်။ နောက်ပိုင်းတော်တော့ ပိုကြမ်းလာတယ် ” လို့ ဂန့်ဂေါမြို့ခံတဦးက ပြောပါတယ်။
 
ရဲစခန်းအချုပ်ခန်းကနေ ခေါ်ဆောင်ပြီး သတ်ဖြတ်ခံရသူနှစ်ဦးဟာ ဂန့်ဂေါမြို့ပေါ်၊ ခင်သာရပ်ကွက်မှာ နေထိုင်သူတဦးနဲ့ ဇဟောကျေးရွာသားတဦး ဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးကို စစ်ကောင်စီအဖွဲ့ဝင်တွေက ခွေးဘလူးကားနဲ့ ခေါ်ဆောင်ပြီး ဂန့်ဂေါနဲ့ ပျားရွာကြားမှာ သတ်ဖြတ်ကာ မိသားစုကို အကြောင်းမကြားဘဲ ဂန့်ဂေါမြို့၊ မိုးကောင်းသုသာန်မှာ သဂြိုလ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
သတ်ဖြတ်ခံရသူနှစ်ဦးဟာ နိုင်ငံရေးယုံကြည်ချက်ကြောင့် စစ်ကောင်စီက ဖမ်းဆီးထားသူတွေဖြစ်တယ်လို့ ယောအလင်းတန်း page က ဖော်ပြထားပြီး ဘယ်အချိန်က ဘာပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရတယ်ဆိုတာကို သိရှိရခြင်း မရှိပါဘူး။
 
ဂန့်ဂေါမြို့ပေါ်က စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီ (၂၂)ရက်ကလည်း နိုင်ငံရေးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဦးတင်သောင်း ဆိုသူကို ရဲစခန်းအချုပ်ခန်းကနေ ကားနဲ့ထုတ်လာပြီး ဂန့်ဂေါနဲ့ ပြားရွာကြားမှာပဲ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
စစ်ကောင်စီတပ်က အခုလိုလုပ်ဆောင်နေတာဟာ စစ်ဓာတ်စစ်ဆင်ရေးလုပ်နေတာဖြစ်ပြီး ပြည်သူတွေကြောက်လန့်လာအောင် သတ်ဖြတ်ပြနေတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုဝင်တဦးက ဆိုပါတယ်။
 
ဓာတ်ပုံ – Social Media