ညောင်ဦးနဲ့ မြိတ်မြို့မှာ ရေဆင်းကူးရာက တရက်တည်း ကိုရင်နှစ်ပါးနဲ့ ဆယ်ကျော်သက်နှစ်ဦး ရေနစ်သေဆုံး

ဇွန်၊ ၁၂
 
မန္တလေးတိုင်း၊ ညောင်ဦးမြို့နဲ့ တနင်္သာရီတိုင်း၊ မြိတ်မြို့တို့မှာ ရေဆင်းကူးရာက တရက်တည်း ကိုရင်နှစ်ပါးနဲ့ ဆယ်ကျော်သက်နှစ်ဦး ရေနစ်သေဆုံးခဲ့ကြတယ်လို့ ဒေသခံ ပရဟိတအသင်းတွေဆီက သိရပါတယ်။
 
ညောင်ဦးမြို့အနီးက ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးတဲ့ ကိုရင်နှစ်ပါးနဲ့ မြိတ်မြို့၊ မေဃဝတီဘုန်းတော်ကြီးကျောင်းဝန်းအတွင်းက ရေကန်ထဲ ရေဆင်းကူးတဲ့ လူငယ်နှစ်ဦးတို့ ရေနစ်သေဆုံးမှု မနေ့ကတရက်တည်း ဖြစ်ခဲ့တာပါ။
 
ညောင်ဦးမြို့က ဧရာဝတီမြစ်ကမ်း ဝက်ကြီးအင်းရပ်ကွက် ရေချိုးဆိပ်မှာ မနေ့က မနက်ပိုင်းက ရေဆင်းချိုးတဲ့ ကိုရင်နှစ်ပါး ရေနစ်ပျောက်ဆုံးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ခဲ့ပေမယ့် ရုပ်အလောင်းတွေကိုပဲ ပြန်တွေ့ခဲ့ရတယ်လို့ အဲ့ဒီဖြစ်စဉ်ကို ကူညီပေးခဲ့တဲ့ ကယ်ဆယ်ရေး အဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။
 
” ကိုရင်တွေ ရေဆင်းချိုးနေကျပါ၊ ရေလည်း ကူးတတ်တယ်လို့ ပြောတယ်၊ အခုရက်ပိုင်း မိုးကများနေတော့ မြစ်ထဲ ရေစီးကလည်း သန်တယ်၊ ရေချိုးတဲ့သူတွေ နည်းတဲ့အချိန်ဆိုတော့ မကယ်ဆယ်နိုင်ခဲ့တာပါ၊ ဒါတောင် အဲ့နားရှိတဲ့ လူတယောက်က ကျွန်တော်တို့ကို ဖုန်းဆက်အကူအညီတောင်းလို့ ရုပ်အလောင်းတွေကို အမြန်ရှာတွေ့ခဲ့တာ ” လို့ သူကပြောပါတယ်။
 
သေဆုံးသွားတဲ့ ကိုရင်တွေဟာ ညောင်ဦးမြို့၊ ဝက်ကြီးအင်း ဘုန်းတော်ကြီးကျောင်းက အသက် ၁၀နှစ် ဝန်းကျင်အရွယ်ရှိကြတဲ့ ကိုရင်နှစ်ပါးဖြစ်တယ်လို့ သိရပါတယ်။
 
အလားတူ တနင်္သာရီတိုင်း၊ မြိတ်မြို့မှာလည်း ဘုန်းတော်ကြီးကျောင်ဝန်းအတွင်းက ရေကန်ထဲ ရေဆင်းကူးတဲ့ လူငယ်နှစ်ဦး မနေ့က ညနေပိုင်းမှာ ရေနစ်သေဆုံးခဲ့တယ်လို့ အဲဒီမြို့အခြေစိုက် ရာသက်ပန် နာရေးကူညီမှုအသင်း ဆီက သိရပါတယ်။
 
မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကွမ်းသီးချောင်းကျေးရွာက မေဃဝတီဘုန်းတော်ကြီးကျောင်း ပုရဝုဏ်အတွင်းရှိ ရေကန်အတွင်း ရေဆင်းကူးတဲ့ အသက် (၁၄)နှစ်ဝန်းကျင် ဆယ်ကျော်သက်နှစ်ဦး ရေနစ်သေဆုံးခဲ့ကြပြီး ရုပ်အလောင်းတွေသာ ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။
 
” တောင်ပေါ်ကျောင်းမှာပါ၊ ကန်ထဲ ရေဆင်းချိုးကြတာ၊ ရေက တက်နေတာကို ရေဆင်းချိုးကြတာ၊ သုံးနာရီခွဲလောက်က နစ်တာလို့ မြင်လိုက်တဲ့သူတွေက ပြောတယ်၊ လေးနာရီကျော်လောက်မှ ပြန်ဆယ်နိုင်ခဲ့တာပါ၊ အချိန်ကြာသွားတော့ အသက်တော့ ပြန်ပါမလာတော့ဘူး ” လို့ ရာသက်ပန် နာရေးကူညီမှုအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ရေနစ်သေဆုံးသူတွေဟာ ကွမ်းသီးချောင်းကျေးရွာက မောင်ဝင်းထိန်စိုးနဲ့ စန္ဒဝတ်ကျေးရွာက မောင်အောင်သောင်းကျော်တို့ဖြစ်ပြီး နှစ်ဦးလုံး အသက် (၁၄)နှစ်ဝန်းကျင် အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့တပတ်လောက်အကြာ ဇွန်လ ၆ ရက်ကလည်း နေပြည်တော်၊ တပ်ကုန်းမြို့နယ်က အောင်းကြီးကန် ထဲမှာ လူငယ်အမျိုးသားတဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Social Media