အရာတော်မှာ စစ်ကောင်စီတပ်ဝင်စီးလို့ အရပ်သားတဦးဒဏ်ရာရ၊ ဒေသခံနှစ်ထောင်ကျော် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နွားမသင်းအရှေ့ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ဇွန်လ ၁၁ ရက် မနေ့က မနက် ၉ နာရီခွဲခန့်မှာ ဝင်စီးပြီး အရပ်သားတဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့သလို ဒေသခံနှစ်ထောင်ကျော် တိမ်းရှောင်နေရတယ်လို့ DNA က စုံစမ်းသိရပါတယ်။
 
” မနေ့က လယ်ထွန်နေတဲ့ ပြည်သူကို သေနတ်နဲ့ပစ်ပြီးတော့ နွားနှစ်ကောင်ကို ယူသွားတာ။ ပစ်ခံရတဲ့သူကတော့ သေမသွားဘူး။ သူတို့ (စစ်ကောင်စီ) ကတော့ သေပြီဆို ပစ်သွားတာ ” လို့ အရာတော်ပို့စ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
ပစ်ခတ်ခံရသူဟာ နွားမသင်းအရှေ့ရွာမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်နေတဲ့ အသက် ၄၂ နှစ်အရွယ် ကိုကျော်မိုး ဖြစ်ပြီး စအို၊ လက်နဲ့ ပေါင်တို့မှာ သေနတ်ဒဏ်ရာ ရရှိခဲ့လို့ ဆေဝါးကုသမှု ပေးနေရတယ်လို့လည်း ဆက်ပြောပါတယ်။
 
ငွေတွင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၅၀ ခန့်ဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး နွားမသင်းအရှေ့ကျေးရွာကို ဝင်ရောက်လာတဲ့အတွက် ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
 
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ တပ်စွဲအထိုင်ချထားတဲ့ ငွေတွင်းရွာဟာ နွားမသင်းအရှေ့ရွာနဲ့ သုံးမိုင်ကျော်သာ ကွာဝေးတာလည်း ဖြစ်ပါတယ်။
 
လတ်တလောမှာတော့ နွားမသင်းအရှေ့ရွာနဲ့ အနောက်ရွာက ဒေသခံ နှစ်ထောင်နီးပါးဟာ နီးစပ်ရာ ကျေးရွာတွေ၊ ဘုန်းတောင်ကြီးကျောင်းတွေနဲ့ တောတောင်တွေမှာ သွားရောက်တိမ်းရှောင်နေတာလို့လည်း အရာတော်ပို့စ်က တာဝန်ရှိသူက ပြောပါတယ်။
 
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ဒီတကြိမ်တော့ ကျေးရွာကို မီးရှို့တာ မရှိဘူးလို့လည်း ဖြည့်စွက်ပြောကြားပါတယ်။
 
နွားမသင်းအရှေ့ရွာဟာ အရာတော်မြို့တောင်ဘက် ခုနှစ်မိုင်ဝန်းကျင်အကွာမှာ ရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းက အဲဒီရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ဖူးပါသေးတယ်။
 
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက နွားမသင်းရွာကို ၂၀၂၂ ခုနှစ်အတွင်းက နှစ်ကြိမ်မီးရှို့ဖျက်စီးခဲ့တဲ့အတွက် အိမ်ခြေ ၈၂ လုံး မီးလောင်ခဲ့သလို မီးတင်ရှို့နေချိန်နေချိန်မှာ လေဖြန်းထားပြီး မျက်စိမမြင်လို့ မရှောင်တိမ်းနိုင်တဲ့ အသက် ၉၀ အရွယ် အမျိုးသမီးတဦး မီးလောင်သေဆုံးခဲ့ရပါတယ်။
 
ဒါ့အပြင် လယ်ယာသုံး ကျွဲ၊ နွားတွေ၊ စိုက်ပျိုးရေးပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့သလို ရွှေထည်ပစ္စည်းတွေ၊ မော်တော်ဆိုင်ကယ် စတဲ့ဒေသခံပိုင်ပစ္စည်းတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ယူဆောင်သွားခဲ့ကြပါသေးတယ်။ 
ဓာတ်ပုံ – Social Media