မက်ဂရီဂေါ်ရဲ့ လက်သီးချက်ကြောင့် ဆေးရုံရောက်သွားတဲ့ လာဘ်ကောင်ရုပ်

ဇွန်၊ ၁၂

ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး ချန်ပီယံဟောင်း ကော်နာ မက်ဂရီဂေါ်ရဲ့ လက်သီးချက်မိပြီး ဘတ်စကက်ဘော အသင်းတခုရဲ့ လာဘ်ကောင်ရုပ်ထဲကလူ ဆေးရုံ ရောက်သွားခဲ့ကြောင်း သိရပါတယ်။

UFC အဖွဲ့ချုပ် ချန်ပီယံဟောင်းဟာ အမေရိကန် အမျိုးသား ဘတ်စကက်ဘော အဖွဲ့ချုပ် (NBA) ပွဲစဉ် တခုမှာ သူ့ရဲ့ အကိုက်အခဲပျောက် ဖြန်းဆေးကို အရောင်းမြှင့်တင်တဲ့ စတန့်တခုအတွင်း မီယာမီ ဟိထ် အသင်းရဲ့ လာဘ်ကောင်ကို လက်သီးနဲ့ ထိုးပြခဲ့ပါတယ်။

ဆေးကြော်ငြာတဲ့ အစီအစဉ်မှာ မက်ဂရီဂေါ်နဲ့ ဘာနီလို့ နာမည်ပေးထားတဲ့ လာဘ်ကောင်ရုပ်တို့က ကြိုတင် ဇာတ်တိုက်ထားတဲ့အတိုင်း လက်သီးထိုး သရုပ်ပြခဲ့ရင်း မက်ဂရီဂေါ်ရဲ့ လက်သီးချက်ကို လာဘ်ကောင်ရုပ် အထဲက ပုဂ္ဂိုလ်ခမျာ အတော်ပြင်းပြင်းထန်ထန် ခံစားလိုက်ရတာ ဖြစ်ပါတယ်။ အသင်းဖက်က အမည်မထုတ်ပြန်တဲ့ ဝန်ထမ်းဟာ ဆေးရုံပါ ရောက်သွားပြီး အကိုက်အခဲပျောက် ဆေးဝါးတွေနဲ့ ကုသမှု ခံယူခဲ့ရပါတယ်။

မက်ဂရီဂေါ်က လာဘ်ကောင်ရုပ်ကို ထိုးလှဲလိုက်ပြီး လဲအကျမှာ နောက်တချက် ထပ်ထိုးပြခဲ့တဲ့နောက် တခြားဝန်ထမ်းတွေက လာဘ်ကောင်ရုပ်ကို ကွင်းထဲကနေ ဆွဲထုတ်သွားသလိုမျိုး သရုပ်ပြခဲ့တာပါ။ ဒါပေမဲ့ မရည်ရွယ်တဲ့ မတော်တဆ ထိခိုက်မှုမျိုး ဖြစ်သွားခဲ့တဲ့ သဘောပါပဲ။

UFC အကြီးအကဲနဲ့ ပွဲစီစဉ်သူ ဒါနာဝှိုက်ကတော့ လာဘ်ကောင်ရုပ်တွေကို ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမားတွေ ထိုးတာကို ခံခိုင်းတဲ့ ကိစ္စက အရမ်း အဆင်ပြေမနေဘူးလို့ ပြောပါတယ်။ ၂၀၁၈ တုန်းကလည်း လက်ဝှေ့သမား ဒီယွန်တေး ဝိုင်လ်ဒါဟာ လာဘ်ကောင်ရုပ် တရုပ်ကို လက်သီးနဲ့ ထိုးပြဖို့ တွန်းအားပေး ခံရဖူးပါတယ်။

ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမား စစ်စစ်တွေက လာဘ်ကောင်ရုပ်ထဲကလူ မျက်နှာရှိနေမယ့် နေရာတည့်တည့်ကို ထိုးခိုင်းနေကြတာက မဖြစ်သင့်ကြောင်း၊ အကျိုးဆက် ဘာတွေကို မျှော်လင့်ထားရမလဲ ဆိုတာကို တွေးထားသင့်ကြောင်း၊ လာဘ်ကောင်ရုပ်တွေကို ဘယ်လို ပစ္စည်းနဲ့ ချုပ်လုပ် ဖန်တီးထားသလဲ ဆိုတာကို သူသေချာ မပြောတတ်ပေမယ့် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား တယောက် ထိုးထားကို ခံဖို့ဆိုရင် အနည်းဆုံး သတ္တုခေါင်းစွပ်လောက်တော့ ဆောင်းထားသင့်ကြောင်း ဝှိုက်က ပြောကြားသွားပါတယ်။

မက်ဂရီဂေါ်ရဲ့ လက်သီးချက်ကြောင့် လာဘ်ကောင်ရုပ်ထဲက ဝန်ထမ်း ဆေးရုံရောက်သွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မီယာမီ ဟိထ် အသင်းကတော့ လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။

 

Ref: BBC