ဂရင်းဆလင်းဆု အများဆုံး ပိုင်ရှင် အမျိုးသား တင်းနစ်ကြယ်ပွင့် ဖြစ်လာတဲ့ ဂျိုကိုဗစ်

ဇွန်၊ ၁၂

တင်းနစ်လောကရဲ့ အကြီးမြတ်ဆုံး ဂန္ထဝင် တယောက်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူမထားကြောင်း ဂရင်းဆလင်း ဆုဖလားအရေအတွက် စံချိန်တင် အများဆုံး ရရှိခဲ့တဲ့နောက် နိုဗက် ဂျိုကိုဗစ်က ပြောကြားသွားခဲ့ပါတယ်။

 ဆာဘီးယားသား တင်းနစ် အကျော်အမော်ဟာ ဇွန်လ ၁၁ ရက်က ပြင်သစ်အိုးပင်း ပြိုင်ပွဲကို ဗိုလ်စွဲခဲ့တဲ့နောက် ဂရင်းဆလင်းအဆင့် ပြိုင်ပွဲကြီး ၄ ခုမှာ စုစုပေါင်း ချန်ပီယံ ၂၃ ကြိမ် ဖြစ်ဖူးတဲ့ စံချိန်မှတ်တမ်းသစ်ကို ရေးထိုးခဲ့ပါတယ်။ သူဟာ အရင်က စပိန်သား ရာဖေးလ်နာဒဲလ်နဲ့အတူ အမျိုးသား တဦးချင်း ဂရင်းဆလင်းဆုတွေ အများဆုံး ရဖူးသူအဖြစ် ပူးတွဲ ရပ်တည်ခဲ့ရာက အခုတော့ နာဒဲလ်ထက် အသာစီး ရသွားတာ ဖြစ်ပါတယ်။

နောက်ပြီး အမျိုးသမီး ပြိုင်ပွဲတွေမှာ တဦးချင်း ဂရင်းဆလင်း ဆုဖလား ၂၃ ကြိမ်ထိ ရရှိခဲ့ဖူးတဲ့ ဆရီနာ ဝီလျံနဲ့ စံချိန်တူလာပြီး သမိုင်းတလျှောက် ဂရင်းဆလင်း ဆုဖလား အများဆုံး ရဖူးတဲ့ အမျိုးသမီး မာဂရက်ကော့တ်ရဲ့ ၂၄ ကြိမ် စံချိန်ကို လိုက်မီဖို့လည်း နီးစပ်လာပါတယ်။

အသက် ၃၆ နှစ် ရှိပြီဖြစ်တဲ့ ဂျိုကိုဗစ်ဟာ မျိုးဆက်တခုအတွင်း အတောက်ပဆုံး တင်းနစ်သမားတွေ ဖြစ်ကြတဲ့ နာဒဲလ်၊ ရော်ဂျာ ဖက်ဒါရာတို့နဲ့အပြိုင် ကြီး ၃ ကြီးအဖြစ် ကျော်ကြားခဲ့ပါတယ်။ သူ့ရဲ့ ပြိုင်ဘက် နှစ်ဦးဟာ ဂရင်းဆလင်း အများဆုံး စံချိန်ရှင်တွေအဖြစ် သူ့ထက်အရင် ရပ်တည်ခဲ့ဖူးပေမယ့် အခုတော့ ဂျိုကိုဗစ်က ကျော်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင်လမှာ နောက်ထပ် ဂရင်းဆလင်း ပြိုင်ပွဲကြီး တခုဖြစ်တဲ့ ဝင်ဘယ်လ်ဒန် အိုးပင်းမှာပါ ချန်ပီယံဖြစ်ပြီး တင်းနစ်လောကရဲ့ အကြီးမြတ်ဆုံး ဂန္ထဝင်အနေနဲ့ ရပ်တည်မလားဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ဂျိုကိုဗစ်က ဒီအကြောင်းကို မဆွေးနွေးလိုဘဲ ကိုယ့်သမိုင်းကိုယ် ကောင်းကောင်းရေးနိုင်ဖို့ပဲ အာရုံစိုက်ထားမယ်လို့ ဆိုပါတယ်။

သူဟာ ထာဝရ အကောင်းဆုံး တင်းနစ်သမားပါလို့ ကိုယ့်ကိုယ်ကိုယ် မညွှန်းဆိုချင်ကြောင်း၊ တခြားသူတွေ ဆွေးနွေးကြတဲ့ ကိစ္စတွေကိုတော့ သူဘာမှ မပြောသာကြောင်းလည်း ဂျိုကိုဗစ်က မှတ်ချက်ပေးသွားပါတယ်။

ဂရင်းဆလင်း အောင်မြင်မှုမှာ သူဟာ ဖက်ဒါရာနဲ့ နာဒဲလ်တို့ထက် သာလွန်လာတာက အတော်ကို အံ့ဩ ဂုဏ်ယူစရာကောင်းကြောင်း၊ ဒါပေမဲ့ လူတိုင်းက ကိုယ့်သမိုင်းကိုယ်ပဲ ရေးနေရတာဖြစ်ပြီး တခြားသူတွေနဲ့ ယှဉ်ပြိုင်နေဖို့က အရမ်းအရေးကြီးတဲ့ ကိစ္စမျိုး မဟုတ်ကြောင်း၊ တင်းနစ် အားကစားရဲ့ သမိုင်းကြောင်းတလျှောက် မျိုးဆက်တိုင်းမှာ ထိပ်တန်း ဂန္ထဝင် ချန်ပီယံတွေက ထူးကဲတဲ့ စွမ်းဆောင်ရည်တွေကို ပြသပြီး သူတို့ရဲ့ အမွေအနှစ်တွေကို ချန်ထားလေ့ ရှိကြကြောင်း ဂျိုကိုဗစ်က ဆက်ပြောပါတယ်။

သူဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေပြီး ပြင်သစ်အိုးပင်း ဆုဖလားကလည်း သူဘာတွေ စွမ်းဆောင်နိုင်သေးသလဲ ဆိုတာကို လက်တွေ့ ပြနိုင်ခဲ့တဲ့ အထောက်အထား တခုဖြစ်ကြောင်းလည်း ဂျိုကိုဗစ်က ပြောကြားသွားပါတယ်။ သူဟာ ပြင်သစ်မှာ ချန်ပီယံ ဖြစ်လာခြင်းနဲ့အတူ ကမ္ဘာ့အဆင့် ၁ နေရာကိုလည်း ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။

 

Ref: BBC