ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံရွာ စစ်ကောင်စီစခန်းကို ဝင်တိုက်ရာက ပီဒီအက်ဖ်တဦးကျဆုံး

ဇွန်၊ ၁၁
 
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံရွာရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ တပ်ရင်း (၂)၊ တပ်ခွဲ (၁)က တပ်ခွဲမှုး ဗိုလ်နကွင်းက ပြောပါတယ်။
 
“ ရွာကို တပ်စွဲထားတာဆိုတော့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ နေတာ။ နေတော့ မနက် ၃ နာရီ လောက်ကို ဝင်ကပ်လိုက်တော့ ၅ နာရီလောက်မှာ စပြီး ပစ်ခတ်မှုဖြစ်တာ။ ရွာထဲကို တပ်စိတ်တွေ ခွဲပြီး ဝင်ပစ်တာ။ သူတို့တပ်စိတ်က RPG ပစ်ဖို့ position ယူတုန်းမှာ ဟိုဘက်က စက်ကလေးနဲ့ဆွဲတော့ နံဘေးကနေ ဖောက်ထွက်ပြီး ကျသွားတာ “ လို့ ဗိုလ်နကွင်းက ပြောပါတယ်။
 
တော်လှန်ရေးအင်အားစုတွေဟာ ပခုက္ကူမြို့နယ်ရှိ အရှေ့ဘုန်းကံကျေးရွာမှာ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ ဇွန်လ ၁၁ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ PDF တပ်ရင်း ၂ က ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
 
တိုက်ပွဲဟာ မနက် ၅ နာရီက မနက် ၆ နာရီခန့်အထိ တနာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ကလည်း အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပြီး အကျအဆုံးကိုတော့ အသေးစိတ်အတည်ပြုလို့ မရသေးဘူးလို့လည်း ဗိုလ်နကွင်းက ပြောပါတယ်။
 
စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ပစ်ခတ်နိုင်ခဲ့သော်လည်း ပခုက္ကူ စက်မှုဇုန်ကနေ စစ်ကူပို့ထားတာကို မသိလိုက်တာကြောင့် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းကိုမူ ဆက်လက်သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
 
“ စခနဲ့ပျူပေါင်းတော့မှ အစက ၃၀ လောက်ပဲ ရှိတာကို ကျွန်တော်တို့က ရှိတဲ့အဖွဲ့အစည်းက သတင်းစီးဆင်းမှု အားနည်းသွားတော့ ညက ကျွန်တော်တို့ အင်အားတိုးတာက မသိလိုက်တာ၊ ဖောကားနဲ့ တိုးတာဆိုတော့ ဟိုဟာလောက်တော့ ရှိမှာပေါ့ ၅၀ လောက်ရှိနိုင်တယ် “ လို့ ဗိုလ်နကွင်းက ပြောပါတယ်။
 
အဲဒီစစ်ကောင်စီတပ်ဟာ အရှေ့ဘုန်းကံကျေးရွာမှာ လနဲ့ချီ တပ်စွဲနေတာဖြစ်ပြီး ကျေးရွာရှိ ဒေသခံတွေနဲ့ အနီးအနားရှိ ကျေးရွာတွေက ဒေသခံတွေ စစ်ရှောင်နေပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေသာ ရှိတာကြောင့် ဒေသခံတွေ ထိခိုက်မှုမရှိဘူးလို့လည်း ပြောပါတယ်။
 
တိုက်ခိုက်မှုကို Earthquate Pepole’s Defence Force၊ မြိုင် (ပကဖ)၊ တပ်ရင်း (၂)တပ်ခွဲ (၁)၊ Middle Revolution Task Force – MRTF၊ King Cobra Royal Defence Force၊ ကျေးရွာဒေသ ပျောက်ကျားတပ်ဖွဲ့ – မြိုင် ၊PKU N PDF နဲ့ ပခုက္ကူခရိုင် တပ်ရင်း (၂)တို့ ပူးပေါင်းပါဝင်တယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Earthquake People Defence Force