ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ညောင်ပင်ကြီးရွာကို ရက်ဆက်မီးရှို့နေ

ဇွန်၊ ၁၁
 
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်က ညောင်ပင်ကြီးရွာ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇွန်လ ၉ ရက်က တိုက်ခိုက်ခံခဲ့ပြီးနောက် စစ်ကောင်စီတပ်က အဲဒီရွာကို ရက်ဆက်မီးရှို့နေတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ကိုစစ်ငြိမ်းက ပြောပါတယ်။
 
“ စစ်ကောင်စီ တပ်သားတွေက ပြည်သူတွေရဲ့ နေအိမ်တွေ ဆိုင်ခန်းတွေကို မီးရှို့ဖျက်စီးနေတယ်။ အိမ်ခြေ ၂ဝဝ ကျော်တော့ ရှိပြီ။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာလည်း ရှိတယ်။ လမ်းတွေ၊ အိမ်တွေကိုလည်း ဘူဒိုဇာနဲ့ ထိုးဖျက်ဆီးသွားတယ် ” လို့ ကိုစစ်ငြိမ်းက ပြောပါတယ်။
 
” ဖျက်ဆီးပြီးတဲ့ နေရာတွေမှာ နင်းမိုင်းတွေ ထောင်ထားတယ် ” လို့လည်း ဖြည့်စွက်ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်က အဲဒီရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်တာမှာ စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်း ကျဆုံးကာ MA-13 နှစ်လက်၊ G-3 (BA-63)လေးလက်၊ shotgun တလက်၊ 7.62 ကျည် ၂၀၄၀၊ ဗုံးသီး ၂၉ လုံး၊ လက်ပစ်ဗုံး ၁၃ လုံးနဲ့ ငွေကျပ် တရာ့လေးသိန်း သိမ်းဆည်းရမိတယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
 
တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေက လေကြောင်းက ပစ်ကူပေး တိုက်ခိုက်ခဲ့လို့ တော်လှန်ရေးအင်အားစုတွေက တဦးကျဆုံးကာ သုံးဦးဒဏ်ရာရပြီး တဦးက ပေါင်ပြတ်သွားတယ်လို့လည်း ပါဝင်တိုက်ခိုက်ခဲ့တဲ့သူတွေက ပြောကြပါတယ်။
 
အဲဒီလို စခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်တွေဟာ အဲဒီနေ့ ညပိုင်းကစပြီး သုံးရက်ဆက်တိုက် မီးရှို့တာကြောင့် ညောင်ပင်ကြီး ကျေးရွာအုပ်စုထဲက အရပ်သားတွေဟာ စစ်ရှောင်နေရတယ်လို့ ဆားလင်းကြီးမြို့နယ်ပအဖက ကိုစစ်ငြိမ်းက DNA ကိုပြောပါတယ်။
 
လက်ရှိမှာ ဆားလင်းကြီးမြို့နယ်အတွင်းက ညောင်ပင်ကြီး၊ နှင်းတော၊ သိမ်တော၊ ရွှေအင်းလေ၊ ရွာရှည်၊ ထန်းတော၊ ပလောင်၊ အိုမ၊ ကူးတို့ကုန်း၊ အောင်ချမ်းစည် စတဲ့ကျေးရွာတွေက ဒေသခံလေးထောင်ဝန်းကျင် စစ်ရှောင်နေကြရပါတယ်။
 
ဒေသခံတွေ ထောင်နဲ့ချီပြီး စစ်ရှောင်နေရတဲ့အတွက် စာသောက်ရေးနဲ့ နေထိုင်ရေး အခက်အခဲဖြစ်နေတဲ့အတွက် ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လည်း နေထိုင်စားသောက်ရေး ကူညီဆောင်ရွက်နေတယ်လို့ ကိုစစ်ငြိမ်းက ပြောပါတယ်။
 
ဒါ့အပြင် အဲဒီစစ်ရှောင်တွေထဲက စစ်ရှောင် အယောက် ငါးရာဦးအတွက် ဇွန်လ ၁၀ ရက်မနေ့က ထမင်းတနပ်လှူဒါန်းခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တဖွဲဲ့ဖြစ်တဲ့ အညာပစ်တိုင်းလေးများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
“ ဒီကနေ့အထိ မီးက ထပ်ရှို့နေတုန်းပဲ။ စစ်ရှောင်ပြည်သူတွေ အတွက်ရိက္ခာလိုအပ်ချက် ဖြစ်နေပါတယ်။ စစ်ရှောင်ရတာ သုံးရက်မြောက်ပြီ။ ကျွန်တော့်မှာရှိတဲ့ ဆန်တော့ ထုတ်ပေးနိုင်ပေမယ့် ထပ်ထုတ်ပေးနိုင်ဖို့ အတော်နည်းနေပြီမို့၊ စားဆီလေးတွေလည်း လိုအပ်နေပါတယ်။ တဖက်တလမ်းကနေ ပြည်သူတွေအနေနဲ့ ကူညီပေးကြစေချင်တယ် ” လို့ စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – DNA