မန်းမှာ လယ်ယာမြေ အကွက်ရိုက်ရောင်းချတာတွေအရေးယူမယ်ဆိုတာကြောင့် အရောင်းအဝယ်အေးနေ

 

ဇွန် ၊ ၁၁

မန္တလေးတိုင်း ၊ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ရောင်းချနေတာတွေကို အရေးယူမယ်ဆိုတဲ့ စစ်ကောင်စီရဲ့  ကြေညာချက်ကြောင့် လတ်တလောမှာ မြေအရောင်းအဝယ်စျေးကွက် အေးသွားတယ်လို့အကျိုးဆောင်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

“ လူတွေက အဲဒီဂယက်ကြောင့် နည်းနည်းတော့ စိုရိမ်သွားကြတာပေါ့။ သူတို့ဝယ်ပြီးမှာ ပြန်သိမ်းခံရမှာကြောက်ပြီး အရောင်းအဝယ်သိပ်မလုပ်ကြတော့ဘူး။ အခုဝယ်ထားတဲ့သူတွေကလည်း စိတ်ပူကြတာပေါ့ “ လို့ ဝါရင့်အိမ်ခြံမြေအကျိုးတော်ဆောင် တဦးကပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ အောင်မြေသာစံခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့က ပုသိမ်ကြီးမြို့နယ်ထဲက လယ်မြေတွေအပေါ်မှာ အကွက်ရိုက်ရောင်းချနေမှုတွေကို အရေးယူသွားမယ်လို့ မေလ ၂၇ ရက်က  ထုတ်ပြန်ထားတာပါ။

ပုသိမ်ကြီးမြို့နယ်က မန္တလေးမြို့နဲ့ထိစပ်နေတဲ့အတွက် လူအများက စိတ်ဝင်စားသလို  အဲဒီမြို့နယ်ထဲကလယ်ယာမြေတွေကို ခွင့်ပြုမိန့်မရှိဘဲ မြေဖို့ခြင်း၊ ကွက်စိပ်ရိုက်ရောင်းခြင်း၊ ကွန်ကရစ် လမ်းခင်းခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ကွန်ကရစ်တိုင်စိုက် ခြံစည်းရိုးကာခြင်း၊ နေအိမ်ဆောက်ခြင်း၊ ဈေးဆိုင်ခန်းများ ဆောက်ခြင်း၊တရားမဝင်မြေရောင်းဝယ်မှုတွေလုပ်နေတာတွေကို တွေ့ရတယ်လို့ ထုတ်ပြန်ချက် ဆိုထားပါတယ်။

ဒါအပြင် အဲဒီလိုဆောင်ရွက်နေတဲ့သူတွေကို လယ်ယာမြေဥပဒေ ပုဒ်မ ၂၀(က)အရ တရားစွဲမှာဖြစ်သလို လယ်ယာမြေဥပဒေ ပုဒ်မ ၁၇(ဃ)အရ လယ်မြေလုပ်ပိုင်ခွင့် ရုပ်သိမ်းတာနဲ့ အခြားနည်းအသုံးပြုခွင့်ကို ပယ်ဖျက်တာတွေလုပ်ဆောင်မယ်လို့ စစ်ကောင်စီက  ခြိမ်းခြောက်ထားတာပါ။

လယ်ယာမြေအပေါ် အကွက်ရိုက်ရောင်းတဲ့ မြေကွက်တွေကို များသောအားဖြင့်အခြေခံလူတန်းစားတွေက ဝယ်ယူနေကြသလို ရွာတွေမီးရှို့ခံရလို့ တိမ်းရှောင်လာတဲ့ သူတွေဝယ်ယူကြတာလည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ တချို့က သူတို့ရွာတွေမအေးချမ်းကြတော့ ဒီဖက်ကို လာရှောင်ရင်း မြေဝယ်နေတာတွေရှိတယ်။ စျေးအနေနဲ့ကလည်း သိပ်မများတော့ အခြေခံလူတန်းစားတွေဝယ်ကြတာပေါ့။ ပိုင်ဆိုင်မှုအနေနဲ့က မခိုင်ဘူးဆိုတာ သိကြတယ်။ဒါပေမယ့် နေစရာမရှိတော့ ဝယ်ကြတယ်လေ “ လို့ ဒေသခံ တဦးပြောပါတယ်။

မန္တလေးမြို့ အရှေ့ဖက်ခြမ်းမှာရှိတဲ့ မဲကင်းကုန်း၊ ကျွဲရေကုန်း၊ဇီးချိုသမ္မတော၊ လက်ကောင်း၊ သလဲကုန်း၊ နွယ်နီ၊သစ်ချိုကုန်း စတဲ့ကျေးရွာတွေအနီးနားရှိ လယ်ယာမြေတွေ၊ ငါးကန်ဟောင်းတွေကို ငွေကြေးတက်နိုင်သူတွေကလယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ ရယူပြီး အကွက်ရိုက်ရောင်းချတာတွေလုပ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူပဲ ပြည်ကြီးတံခွန်မြို့နယ် ကံကြီးကုန်း၊ ဇီးအုပ် စတဲ့ကျေးရွာတွေအနီးရှိနေအိမ်ပေါင်း တထောင်ကျော်လောက်ကို စစ်ကောင်စီက ကျူးကျော်ဟုဆိုကာ ဖယ်ရှားရှင်းလင်းခဲ့ပြီးနောက် လက်ရှိမှာ အဲဒီမြေကွက်တွေနဲ့ပက်သက်ပြီး ဂရန်လျှောက်ရန် ပြန်လည်ခေါ်ယူနေတယ်လို့ ဒေသခံ တဦးကပြောပါတယ်။

“ ၄၉ လမ်းမပေါ်က နေအိမ်တွေအားလုံးနီးပါးကို ကျူးဆိုပြီးဖျက်ပေါ့။ တချို့ဆို သုံးထပ်တိုက်တွေတောင်ပါတယ်။အခုတော့ အရင်ဂရန်ထွက်ပြီးသားသူတွေကို ပြန်လျှောက်ကြဖို့ခေါ်တာပေါ့။ ဖျက်ခံရတဲ့သူတွေကတခြားရွေ့သွားတာရှိသလို တချို့ကျတော့လည်း အဲနားလေးမှာ ဖြစ်သလိုနေတဲ့သူတွေလည်း ကျန်သေးတယ် “ လို့ သူကဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ နယ်နမိတ်အတွင်းရှိ မြို့နယ်ခြောက်ခုအတွင်းမှာ ရထားသံလမ်း၊ လျှပ်စစ်ဓာတ်အားလိုင်း၊ လမ်းနယ်၊ အစိုးရမြေတွေ နဲ့မလွတ်ကင်းဘူဆိုတဲ့အကြောင်းပြချက်နဲ့ နေအိမ်တွေကို ဖယ်ရှားရှင်းတာတွေ လုပ်ဆောင်ခဲ့တာပါ။

ဒါပေမယ့် စစ်ကောင်စီက ကျူးကျော်ဟုဆိုကာ ဖယ်ရှားရှင်းလင်းခဲ့တဲ့ တချို့မြေကွက်တွေကို စစ်ကောင်စီနဲ့နီးစပ်သူတွေကခြံစည်းရိုးခတ်ပြီး ပြန်လည်ရောင်းချတာတွေ လုပ်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

Photo-CJ