ပဇီကြီးရွာအတွက် ဝမ်းနည်းကြောင်းအနက်ရောင်ပရိုဖိုင်ပြောင်းခဲ့တဲ့ မေပန်းချီကို စစ်တပ်ကထောင်သုံးနှစ်ချ

ဇွန် ၊ ၁၁

ပြီးခဲ့တဲ့ ဧပြီလတုန်းကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်သေဆုံးခဲ့တဲ့ ပဇီကြီးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီးဝမ်းနည်းကြောင်းအနက်ရောင်ပရိုဖိုင်ပြောင်းလဲခဲ့တဲ့သရုပ်ဆောင်မေပန်းချီကို အခုရက်ပိုင်းမှာ စစ်ခုံရုံးက ထောင်သုံးနှစ်ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းတွေ သိရပါတယ်။

 ဧပြီလနောက်ဆုံးပတ်က  စစ်ကောင်စီလော်ဘီချယ်နယ်တွေရဲ့ ဖမ်းဆီးဖို့ နှိုးဆော်မှုတွေအပြီးမှာပဲသရုပ်ဆောင်မော်ဒယ်မေပန်းချီ၊ The Voice ဂျာနယ် အယ်ဒီတာချုပ်ဦး ကျော်မင်းဆွေ၊အဆိုတော်ရွှေရည်သိန်းတန်၊အဆိုတော်မြတ်သူသူ၊အဆိုတော်မေလသံစဥ်တို့ကိုစစ်ကောင်စီက ဖမ်းဆီးသွားတာဖြစ်ပါတယ်။

 ‘’ ငါးယောက်အဖမ်းခံလိုက်ရတာပါ။ အဲဒီကိစ္စ အတွက် မေပန်းချီကတော့ မြောက်ဒဂုံမှာဖမ်းဆီးခံလိုက်ရလို့ သူ့ကိုထောင် သုံးနှစ်ချလိုက်တယ်။ ဦးကျော်မင်းဆွေကတော့ စစ်ဆေးနေတုန်းပါ။ကျန်တဲ့လူတွေလည်း စစ်ဆေးနေတုန်းပဲ။ အကုန်လုံးကို ၅၀၅ က နဲ့တရားစွဲထားတယ်’’ လို့တရားရုံးနဲ့နီးစပ်သူကဆိုပါတယ်။

 စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီကိုဆန့်ကျင်သူတွေကို ပုံစံမျိုးစုံနဲ့ဖမ်းဆီးနေရာမှာလူမှုကွန်ရက်အကောင့်တွေပေါ်က ထင်မြင်ရေးသားချက်တွေနဲ့ မှတ်ချက်တွေကိုပါဖမ်းဆီးဖို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တွေက တောက်လျောက်နှိုးဆော်မှုတွေလုပ်နေခဲ့ပါတယ်။

 ပြီးခဲ့တဲ့ မေလထဲမှာလည်း လျှပ်စစ်မီးပြတ်တောက်မှုကို လူမှုကွန်ရက်ပေါ်ကနေ ဝေဖန်ခဲ့တဲ့ အဆိုတော်ဗျူဟာကို စစ်ကောင်စီတပ်တွေဖမ်းဆီးခဲ့သလို စစ်တပ်ကဆန့်ကျင်သူတွေရဲ့ လူမှုကွန်ရက်ပိုစ့်မှာ ရီအက်ရှင်ပေးပြီးနှစ်သက်ကြောင်းပြခဲ့တဲ့ တေးရေးအောင်နိုင်စန်းကိုလည်းအခုလထဲမှာပဲ ထပ်မံဖမ်းဆီးခဲ့ပါတယ်။

 နိုင်ငံရေးအကျဥ်းငါးများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်ကဖမ်းဆီးထားတဲ့အရပ်သားပြည်သူစုစုပေါင်း ၂၃၂၉၉ဦးအထိရှိခဲ့ပြီလို့သိရပါတယ်။