စစ်ကောင်စီတပ်လက်ချက်နဲ့သေဆုံးသူဆားလင်းကြီး ပအဖ အဖွဲ့ဝင် ကိုဗန်ဂျီ အလောင်းပြန်တွေ့

ဇွန် ၊ ၁၁

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် မှာစစ်ကောင်စီတပ်တွေ ဖမ်းဆီးသတ်ဖြတ်ပြီးစွန့်ပစ်ခဲ့တဲ့ကိုမြတ်သူလင်း(ခေါ်) ကိုဗန့်ဂျီရဲ့ အလောင်းကို ဇွန်လ၁၁ရက်ဒီကနေ့မှာရှာတွေ့ပြီးနေ့ချင်းသဂြိုလ်ခဲ့တယ်လို့သိရပါတယ်။

“ မနက်၉နာရီမှာသင်္ဂြိုလ်လိုက်တယ် ။ မြို့နယ်ပကဖ ၊ ပအဖ ၊ ပလဖနဲ့ ဒေသခံပြည်သူ၂၅၀လောက်တတ်ကြတယ်။ ပလဖဒုတာဝန်ခံကအမိန့်ပြန်တမ်းဖတ်ခဲ့တယ်” လို့ ဆားလင်းကြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကိုစစ်ငြိမ်းကပြောပါတယ်။ 

သေဆုံးသူကို ဗန့်ကျီဟာ ဆားလင်ကြီးမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်ပြီးမေလ၃၁ရက်က စစ်ကောင်စီတပ်တွေဖမ်းဆီးတာကိုခံခဲ့ရပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရဲ့စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်တာကိုခံခဲ့ရတာပါ။

စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးနှိပ်စက်တာကြောင့် ကိုဗန့်ကျီဟာ သေဆုံးခဲ့ပြီး ဒီကနေ့ဇွန်လ၁၁ရက်မှာညောင်ပင်ကြီးသစ်ကွင်းအနီးမှာအလာင်းကိုစွန့်ပစ်သွားတာလည်းဖြစ်ပါတယ်။

အလောင်းကိုတွေ့ရချိန်မှာနောက်ပြန်လက်ထိပ်ခတ်ကာ ကြိုးတုပ်ထားပြီး ရင်ဘတ်နဲ့ ခါးမှာဓားနဲ့ထိုးခံထားရတာကိုတွေ့ရတယ်လို့လည်းကိုစစ်ငြိမ်းကပြောပါတယ်။

ဒါ့အပြင်ကိုဗန့်ကျီရဲ့ ဦးခေါင်းဘယ်ဘက်ခြမ်းကိုလည်း ရိုက်နှက်ထားတာကြောင့် အညိုအမဲစွဲကာသွေးခြေဥပြီးဖူးရောင်နေတယ်လို့သူကထပ်ပြောပါတယ်။ 

စစ်ကောင်စီတပ်ဟာကိုဗန့်ကျီကိုညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ပြီး အလောင်းကို ညောင်ပင်ကြီး သစ်ကွင်းအနီးမှာ    စွန့်ပစ်သွားခဲ့ပြီး အလောင်းနဲ့အနီးပတ်ဝန်းကျင်မှာ နင်းမိုင်းတွေထောင်ထားခဲ့ပါသေးတယ်။

“ ကိုဗန့်ကျီရဲ့အလောင်းနားမှာစစ်ကောင်စီကနင်းမိုင်းတွေထောင်ထားခဲ့တာ မိုင်းနင်းမိလို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးညာဘက် ခြေထောက်တဖက်ပြတ်သွားခဲ့တယ် ” လို့ကိုစစ်ငြိမ်းကဆိုပါတယ်။ 

အဲဒီညာဘက်ခြေထောက်ပြတ်သွားတဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကိုတော့လက်ရှိမှာဆေးဝါးကုသမှုပေးထားတယ်လို့လည်းကိုစစ်ငြိမ်းကဆက်ပြောပါတယ်။

Photo-Social Media