စစ်ရှောင်ဖို့ထွက်ပြေးလာတဲ့ သရက်ချောင်းဒေသခံတွေကို စစ်တပ်ကလိုက်လံပစ်ခတ်နေ

ဇွန် ၊ ၁၁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာကနေ စစ်ရှောင်ဖို့ ထွက်ပြေးလာတဲ့ ရွာခံတွေကို စစ်ကောင်စီတပ်သားတွေက ဒီကနေ့ ဇွန်လ ၁၁ ရက် မနက်ပိုင်းမှာ လိုက်လံပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုး ဖမ်းဆီးမှုတွေကြောင့် ဇွန်လ ၉ ရက်နေ့ကနေ ဒီကနေ့အထိ ကနက်သီရိရွာ ရွာခံ တသောင်းနီးပါး တိမ်းရှောင်နေကြရပြီး ဒီနေ့ မနက် ရွာထဲက ထွက်လာသူတွေကိုတော့ စစ်ကောင်စီတပ်သား ၁၀ ယောက်လောက်က လိုက်လံပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

  “ပစ်တာကတော့ ခြောက်ပစ်ပစ်တာလား၊ လူကို ပစ်တာလားတော့ မသိဘူး၊ ပစ်တာကတော့ အချက်ရေများတယ်။ လူ ထိခိုက်တာတော့ မရှိဘူး။ ရွာထဲမှာတော့ မပြေးနိုင်တဲ့ သက်ကြီးပိုင်းတွေပဲ ကျန်ခဲ့တယ်၊ ကျန်တဲ့သူကတော့ အကုန်ထွက်ပြေးကုန်ပြီ” လို့ တိမ်းရှောင်သူတွေကို ကူညီပေးနေတဲ့ ကနက်သီရိရွာခံ လူငယ်တဦးက DNA ကို ပြောပါတယ်။

  တိမ်းရှောင်နေကြသူတွေကတော့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ဝေးတဲ့ ရွာတွေမှာ သွားရောက်တိမ်းရှောင်နေကြရပြီး အချို့ကလည်း ရွာနားက ဒီရေတောတွေ၊ လယ်တဲတွေမှာ ခိုလှုံနေရတာတွေ ရှိတယ်လို့ သိရပါတယ်။

 Delta News Agency က ကြည့်ရှုခွင့်ရခဲ့တဲ့ ရုပ်သံမှတ်တမ်းတခုမှာတော့ အသက် ၈၀ ကျော် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး၊ အသက် ၁၀ နှစ်အောက် ကလေးငယ် ၄ ဦး အပါအဝင် ရွာခံ ၂၀ ခန့် မိုးရွာနေစဥ် ဒီရေတောတခုအတွင်းမှာ ခိုလှုံံနေကြတာကို တွေ့ရပါတယ်။

 သူတို့အပေါ်မှာတော့ တာလပတ်တခုကို အမိုးလုပ်ထားပေမယ့် မိုးမလုံသလို အောက်ခံကလည်း ရွှံ့မြေဖြစ်တာကြောင့် အနီးအနားက အပင်တွေကို အခင်းလုပ်ပြီး ထိုင်နေကြရပါတယ်။

 နောက်ထပ် ရုပ်သံမှတ်တမ်းတခုမှာတော့ အသက် ၈၀ ခန့်ရှိအမျိူးသမီးတဦးက “ကြောင်တွေလည်း ထမင်းငတ်ပြီ၊ ကြောင်ကြီးတကောင်လည်း ထပ်ရောက်နေသေးတယ်၊ ဘယ်ကဘယ်က ပြေးလာမှန်းလည်းမသိဘူး” လို့ ထားဝယ်စကားနဲ့ ငြီးတွား ပြောဆိုပြီး မိုးရေထဲ အခြားအဖော် ၅ ဦးနဲ့ ရွာထဲကနေ လမ်းလျှောက်ထွက်ပြေးလာတာကို တွေ့ရပါတယ်။

 သူ့လက်တဖက်မှာတော့ ထီးကိုင်ထားပြီး အခြားတဖက်နဲ့တော့ အသက် ၃ နှစ်ကျော်သာရှိသေးတဲ့ မိန်းကလေးငယ်တဦးကို ဆွဲခေါ်လာတာကို တွေ့ရပါတယ်။

 အိမ်ခြေ ၂၀၀၀ ကျော်ရှိတဲ့ ကနက်သီရိရွာထဲကို ဇွန်လ ၈ ရက် ညနေပိုင်းကတည်းက စစ်ကောင်စီတပ်သား ၄၀ ထက်မနည်းရောက်ရှိနေပြီး ဇွန်လ ၉ ရက်နေ့မှာတော့ ရွာခံ ၃၀ ကျော်ကို ဖမ်းဆီးခဲ့သလို နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

 အဖမ်းခံခဲ့ရတဲ့ သူတွေထဲက ပြန်လွတ်လာတဲ့ သူတွေရှိပေမယ့် ဘယ်နှစ်ယောက်ပြန်လွတ်လာလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

  အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းမှာတော့ ကနက်သီရိရွာအနီးက ကမြိုင်ရွာနဲ့ ရငဲရွာကြား ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်တာခံခဲ့ရပြီး ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

 ဇွန်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ ထားဝယ်ဘက်ကနေ စစ်ကူဆင်းလာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ကနက်သိီရိရွာနဲ့ ၅ မိုင်ခန့်အကွာ ဝဲရစ်ရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က တိုက်ခိုက်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ပစ်ခတ် စစ်ကြောင်းထိုးလာတာကြောင့် အနီးအနားရွာတွေဖြစ်တဲ့ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ရငဲ၊ ကမြိုင်ကျေးရွာတွေက ဒေသခံတွေပါ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ဓါတ်ပုံ CJ

ပုံစာ _ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကနက်သီရိရွာ ဒေသခံများ