ဇွန် ၊ ၁၁
“ ပါတာက အဖေပါသွားတာ။ ဟိုလိုပြောရမယ်ဆိုရင်တော့ ယောက်ကျားက ဆေးရုံတက်နေရတယ်။ အစ်ကိုကြီးရော၊ အစ်ကိုလေးရော၊ အစ်ကိုလတ်ရော အကုန်ပါသွားတာ အဲ့အစ်ကိုတွေရော။ အဲ့အစ်ကိုတွေတဲ့အပြင် တူမလေးက နှစ်ယောက်၊ တူလေးကတစ်ယောက် ကျွန်မ မိသားစုက ၇ ယောက်ပါသွားတာ။ ပါသွားတဲ့သူတွေလည်း ဒီတိုင်းအခေါင်းတွေချည်းတိုင်းပါ့”
ပြီးခဲ့တဲ့ ဧပြီလတုန်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေအစုလိုက်သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူပဇီကြီးရွာမှာ မိသားစုဝင် ၇ဦး သေဆုံးခဲ့တဲ့ ကာယကံရှင်ဒေသခံက သူကြုံရတာတွေကို ပြန်ပြောပြနေခဲ့တာပါ။
ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာမှာတော့ အရပ်သားပြည်သူပေါင်း ၁၈၀ ကျော်သေဆုံးခဲ့ရပြီး ၂၉ ဉီးဟာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ အခုလိုမျိုး အစုလိုက်အပြုံလိုက်သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။
စစ်ကောင်စီဟာ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကို ၂၀၂၁ ခုနှစ်မှာ ၁၅၃ ကြိမ်၊ ၂၀၂၂ ခုနှစ်မှာ ၈၂၀ ကြိမ်နဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလနဲ့ ဧပြီလအတွင်းမှာ ၄၅၄ ကြိမ်အသုံးပြုခဲ့တယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ဉာဏ်လင်းသစ် အဖွဲ့က ထုတ်ပြန်ထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြား အရပ်သားတွေ အစုလိုက်သေဆုံးနေတဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း နိုင်ငံတကာကို တောင်းဆိုမှုတွေပုံစံမျိုးစုံနဲ့လုပ်နေခဲ့ပါတယ်။
ဦးကျော်ဇော NUG သမ္မတရုံးပြောခွင့်ရ
“ တိုက်ပွဲမဖြစ်တဲ့နေရာက ပြည်သူတွေကို ဒက္ခပေးဖို့အတွက် တိုက်ခိုက်နေတာြဖစ်တယ်။ စစ်ကောင်စီရဲ့ လေကြောင်းကနေတိုက်တဲ့ဟာက ၇၅ ရာခိုင်နူန်းခန့်က အရပ်သား ပြည်သူလူထုအပေါ်မှာ တိုက်ခိုက်တာဖြစ်တယ်။ ဒါကြောင့် ဒါဟာလူတွေကို အစုလိုက်အပြုံလိုက်သေဖို့အတွက် ရည်ရွယ်ပြီးတော့ သူတို့လုပ်တဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ တိုက်ခိုက်မှုတွေလုပ်နေတာဆိုတာ ပညာရှင်တွေ ကျွမ်းကျင်သူတွေက ပြောဆိုနေကြတာပါ။ ဒါကြောင့် အဲ့ဒါတွေ အဲ့လိုတာဝန်ရှိတဲ့ အပြစ်ရှိတဲ့ ပုဂ္ဂိုလ်သော်လည်းကောင်း၊ အဖွဲ့အစည်းသော်လည်းကောင်းကို အရေးယူအပြစ်ပေးဖို့အတွက် နိုင်ငံတကာခုံရုံးတွေကနေပြီးတော့ အပြစ်ပေးနိုင်ဖို့ အထောက်အထားတွေ စုဆောင်းနေတယ်။ နိုင်ငံတကာနဲ့လည်း တရားမျှတမှုရဖို့ ကြိုးစားဆောင်ရွက်နေတယ် ”
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်ထက် အရပ်သားပစ်မှတ်ကို ဉီးတည်ပြီးတိုက်ခိုက်နေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်လေ့သူတွေနဲ့ မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူတွေက အာဏာသိမ်းကာလတလျောက်သုံးသပ်မှုတွေလုပ်ထားပါတယ်။
ဒါပေမယ့် စာသင်ကျောင်းတွေ၊ စစ်ရှောင်စခန်းတွေ၊ အလှူပွဲတွေကို တိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်တွေ အများအပြားသေဆုံးခဲ့ရတဲ့ အရုပ်ဆိုးအကျည်းတန်တဲ့ဖြစ်စဉ်တွေကတော့ရပ်တန့်သွားတာမရှိပါဘူး။
ဒါကြောင့် လေကြောင်းတိုက်ခိုက်မှုတွေကို အတန်အသင့်တားဆီးနိုင်ဖို့အတွက် တော်လှန်ရေး အင်အားစုတွဟာ နိုင်ငံတကာနဲ့ပူးပေါင်းပြီး လေယာဉ်ဆီတင်သွင်းမှုကို ရပ်ဆိုင်းဖို့၊ ကုလသမဂ္ဂကနေ လေယာဉ်မပျံသန်းရဇုံသတ်မှတ်ပေးဖို့တောင်းဆိုမှုတွေဆက်တိုက်လုပ်နေခဲ့ကြတာပါ။
ဒီလှုပ်ရှားတောင်းဆိုမှုတွေထဲမှာ လေယာဉ်ဆီတင်သွင်းမှုကိုရပ်ဆိုင်းဖို့ဆိုတဲ့ လှုပ်ရှားမှုကတော့ အနည်းငယ်အရာထင်လာပြီဖြစ်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ကတာဝန်ရှိသူတဦးကဆိုပါတယ်။
အင်တာဗျူး
ဆရာစောနန္ဒဆူး ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) စည်းရုံးရေးတာဝန်ခံ
“လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးသက်ရောက်မှုအပေါ်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဖြစ်နိုင်တဲ့ အရေးယူမှုတွေပြုလုပ်ဖို့အတွက်တောင်းဆိုတာတွေရှိပါတယ်။ အထူးသဖြင့် လေယာဉ်ဆီတင်ပို့မှုပေါ့နော်။ လေယာဉ်ဆီရောင်းချတင်သွင်းတဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲဆီးပွားရေးပိတ်ဆို့မှု အဲ့ဒါတွေကို လုပ်ဆောင်မှုအတွက် တောင်းဆိုနေတာတွေ ရှိပါတယ်။ အဲ့လိုတောင်းဆိုမှုတွေအပေါ်မှာလည်းပဲ နိုင်ငံတကာကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တချို့တလေကကျတော့လိုက်နာဆောင်ရွက်မှုတွေရှိနေတာကိုတော့ ကျွန်တော်တို့တွေ့နေရပါတယ် ”
လက်ရှိမှာ လေယာဉ်ဆီနဲ့ပတ်သက်လို့တော့ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့က ပိတ်ဆို့အရေးယူမှုတချို့ ပြုလုပ်နေတာတွေရှိနေပါတယ်။
ဒါပေမယ့် ဒါဟာ ထိရောက်တဲ့ သက်ရောက်မှုမျိုး မရှိသေးဘူးဆိုတာ နေ့စဉ်ရက်ဆက် ကောင်းကင်မှာပျံဝဲနေတဲ့ စစ်ကောင်စီရဲ့ လေယာဉ်တွေက သက်သေခံနေပါတယ်။
ဒီလိုအခြေအနေမှာ ဘယ်လိုတောင်းဆိုမှုတွေက ထိရောက်နိုင်မှာလဲ လေကြောင်းဒဏ်ကြား လူထုကို ကူညီနိုင်တဲ့ တခြားသောနည်းလမ်းတွေမရှိတော့ဘူးလားဆိုတဲ့မေးခွန်းတွေလည်းရှိနိုင်ပါတယ်။
ဒေါ်ခင်ဉမ္မာ
“ ပြည်တွင်းစစ်ကိစ္စမှာ လေကြောင်းကို သုံးပြီးတော့မှ တစ်ဖက်သတ် ဒီလေကြောင်းနဲ့ အရမ်းအကြမ်းဖက်ပြီးတော့ လုပ်တဲ့ ကိစ္စနဲ့ပတ်သက်လို့ရှိရင်တော့ သူတို့ဘက်က ဘယ်လိုမျိုးရပ်တန့်သွားအောင် လုပ်မလဲဆိုတာကကျတော့ ရှင်းရှင်းပြောလို့ရှိရင် ချက်ချင်းကြီး သူတို့ဘက်ကနေ အရေးယူပြီးတော့မှ ရပ်သွားအောင်လုပ်လို့ရတဲ့ ဉစ္စာကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေပြီးတော့မှ ဆုံးဖြတ်ချက်ချပြီးတော့မှ အရေးယူဖို့လုပ်တဲ့ ကိစ္စတခုပဲ။ အဲ့ဒါလုပ်လိုက်တယ်ဆိုရင်ချက်ချင်း လေယာဉ်ဆီတို့ လက်နက်တင်သွင်းနေတာတို့ အကုန်အပါအဝင် ဖြတ်တောက်ရေးတွေအကုန်လုံးကို လုပ်လို့ရတယ် ”
ဒီလိုဖြစ်နိုင်ဖို့အတွက် ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီထဲက ပြင်သစ်၊ ဗြိတိန်နဲ့ အမေရိကန် နိုင်ငံတွေက ကြိုးစားပေးလို့ရတယ်လို့လည်း ဒေါ်ခင်ဥမ္မာကဆက်ပြောပါတယ်။
ဒီနိုင်ငံတွေဟာ မြန်မာ့ဒီမိုကရေအရေးနဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေအောက်က မြန်မာပြည်သူလူထုလွတ်မြောက်ရေးကို ထုတ်ပြန်ချက်တွေနဲ့ သံခင်းတမန်ခင်းမှာပဲ ပြောနေတာမျိုး မဟုတ်ဘဲ လက်တွေ့ကျင့်သုံးလုပ်ဆောင်လို့ဆိုပါတယ်။
ဒီနိုင်ငံတွေလုပ်ဆောင်ပေးနိုင်တာကတော့ မြန်မာ့နိုင်ငံနဲ့ပတ်သက်တဲ့ ကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချဖို့ စစ်ကောင်စီကို အရေးယူနိုင်မယ့်အချက်တွေကို ရေးသားတင်သွင်းပေးလိုက်နိုင်တာဖြစ်ပါတယ်။
ဒီလိုတင်သွင်းလိုက်တာကို လုံခြုံရေး ဗီတိုအာဏာနဲ့ပယ်ချလို့ရတဲ့ ငါးနိုင်ငံထဲက တရုတ်နဲ့ ရုရှားကို ဖယ်လိုက်ပြီးရင် အထွေထွေညီလာခံမှာ အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ဆုံးဖြတ်ချက်ချဖို့ ဆက်လက်လုပ်ဆောင်လို့ရတယ်လို့ ဒေါ်ခင်ဥမ္မာကပြောပါတယ်။
ဒါကြောင့် ဒီကိစ္စကို ပြည်တွင်း ပြည်ပက မြန်မာ့ဒီမိုကရေစီအရေးနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသူတွေက တိုက်တွန်းတောင်းဆိုနေကြတာဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့အတွက် တွန်းအားပေးလို့ရတဲ့ နေရာတစ်ခုရှိသေးတယ်လို့ ဒေါ်ခင်ဥမ္မာကအခုလိုဆက်ပြောပါတယ်။
“ ဒီအကြမ်းဖက်စစ်အုပ်စုက အာဆီယံမူငါးချက်ကိုလည်း ဂရုစိုက်တာမဟုတ်ဘူး။ အဲ့တော့ ကျွန်မတို့က အာဆီယံကိုပြောနေတာက အာဆီယံကိုယ်၌က လုံခြုံရေးကောင်စီကို အကူညီတောင်းလိုက်တော့ဆိုတာပေါ့ ” ဒေါ်ခင်ဉမ္မာ
ဒါပေမယ့် မြန်မာနိုင်ငံမှာ no-fly zone ဖြစ်ဖို့၊ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်စေဖို့ လုပ်ဆောင်ချက်တွေကိုတော့ အိမ်နီးချင်းနိုင်ငံတွေရော၊ အာဆီယံရော၊ ကမ္ဘာကြီးကပါ လျစ်လျူရှုထားကြစဲဖြစ်ပါတယ်။
လူသားခြင်းစာနာထောက်ထားမှု အကူအညီအဖြစ် အကြီးမားဆုံးဖြစ်တဲ့၊ မြန်မာပြည်သူတွေ အလိုလားဆုံးဖြစ်တဲ့ ဒီအချက်ကို ကူညီပေးဖို့လျစ်လျူရှုနေကြတာဟာ
ပြည်သူကို ရန်သူလို့သဘောထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီကို မရပ်တန့်နိုင်တဲ့ အရေးကြီးဆုံးသော အကြောင်းအရာတစ်ခုလည်း ဖြစ်ပါတယ်။
နွေဉီးတော်လှန်ရေးရဲ့ အစမှာတော့ မြန်မာပြည်သူလူထုဟာ အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ငြိမ်းချမ်းစွာဆန့်ကျင်ရမယ်ဆိုတဲ့ ကမ္ဘာသုံးလမ်းစဉ်တွေကိုလည်း အကြီးအကျယ် အောင်အောင်မြင်မြင် သုံးပြနိုင်ခဲ့ကြပါတယ်။
ဒါပေမယ့် စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေကို အကြမ်းဖြိုခွဲပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ဆက်တိုက်ကျူးလွန်ခဲ့တာပါ။
လက်ရှိမြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု လေးရာကျော်မှာ ကလေးငယ် တစ်ရာနီးပါး သေဆုံးခဲ့ရပြီး လူဉီးရေ လေးသန်းကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။
လက်ရှိအချိန်မှာဆိုရင်တော့ နိုင်ငံတကာက နားတွေဆက်ပိတ်ထားနေဆဲလားဆိုတဲ့ မေးခွန်းက ဖိနှိပ်ခံမြန်မာလူထုတွေရင်ထဲမှာရှိနေမှာ အသေချာအဖြစ်ပါတယ်။