ကရင်နီဒေသမှာ Star Link အင်တာနက်သုံးစွဲနိုင်ပေမယ့် အများစုလက်လှမ်းမမီနိုင်

ဇွန် ၊ ၁၀

ကရင်နီ(ကယား)ပြည်နယ် မှာ Starlink အင်တာနက်ကို သုံးစွဲလို့ရပြီဆိုပေမယ့် ကုန်ကျစရိတ်များတာကြောင့် လူအများစု လက်လှမ်းမီတဲ့ အခြေအနေမရှိသေးဘဲ ငွေကြေးတောင့်တင်းတဲ့ အဖွဲ့အစည်းတချို့သာ သုံးစွဲနိုင်တဲ့ အခြေအနေရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။

“အခုမှပဲ ဦးဆုံးအကြိမ် စတင်အသုံးပြုတယ်လို့ ပြောလို့ ရပါတယ်၊အရင်က အတွေ့အကြုံအရကတော့ မသုံးဖူး သေးဘူးပေါ့နော်၊ကျွန်တော်တို့ သိသလောက်က ဈေးအရမ်းကြီးပါတယ်၊ဘေလ်ပြန်ဖြည့်ရတာတွေက အရမ်းကို ဈေးကြီးပါတယ်၊အကန့်အသတ်လောက်ပဲ၊ လူပုဂ္ဂိုလ်အနည်းစု၊ အဖွဲ့အစည်းအနည်းစု ငွေကြေးအရ တောင့်တင်း မှသာ အသုံးပြုနိုင်တဲ့ အနေအထားရှိပါတယ်”လို့ သူက ပြောပါတယ်။

Starlink အင်တာနက်ကို ဒေသတွင်းက အစုအဖွဲ့အငယ်တွေမှာ သုံးနိုင်တဲ့ အနေအထား မတွေ့ရသလို့ ကရင်နီ ပြည်နယ်က လူထုအားလုံး အသုံးပြုလို့ ရအောင် ဝယ်ယူ ဖြန့်ဖြူးနိုင်တဲ့ အခြေအနေတော့ ရှိမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

 Free Burma Ranger (FBR)အဖွဲ့တည်ထောင်သူ David Eubank က ကရင်နီပြည်နယ်မှာ Starlink အင်တာနက် ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်းနဲ့  အင်တာနက် ရရှိဖို့ ကူညီဆောင်ရွက်ပေးတဲ့ ကမ္ဘာကျော်သူဌေးကြီး Elon Musk နဲ့ သူ့ကုမ္ပဏီကို ကျေးဇူးတင်တယ်လို့ ဇွန်လ ၈ ရက်က သူရဲ့ တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။

Free Burma Ranger အဖွဲ့ဟာ မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခအားကောင်းတဲ့ ဒေသတွေမှာ စစ်ဘေးဒုက္ခ သည်တွေအရေး ကာလရှည်ကြာ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်ရဲ့ ဒေသ အများစုမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ နှစ်နှစ်လောက် ရှိနေပြီဖြစ်ပါတယ်။

စစ်ကောင်စီက ကရင်နီပြည်နယ်အပါအဝင် ကချင်၊ ချင်း၊ ရခိုင်၊ မကွေး၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက တချို့မြို့ နယ်တွေ အင်တာနက်ဖြတ်တောက်တာ၊ ဒါမှမဟုတ် ဖုန်းလိုင်းတွေ ဖြတ်တောက်တာတွေ ပြုလုပ်ထားပါတယ်။