လားရှိုးမှာ နေအိမ်ပေါ်အုတ်တံတိုင်းပြိုကျရာက သားအမိလေးဦးသေဆုံး

ဇွန် ၊ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့နယ်ကရွာတရွာမှာဒီကနေ့မနက်အစောပိုင်း တနာရီကျော်လောက်က  လူနေ အိမ်ပေါ်ကို အုတ်တံတိုင်းပြိုကျရာက ကလေးသုံးဦးအပါအဝင် သားအမိလေးဦးသေဆုံးသွားတယ်လို့ လူမှုကူညီ ရေးအသင်းတွေဆီကသိရပါတယ်။

“အုတ်တံတိုင်းပြိုကျသွားတာ၊ လူတွေလည်း ထိတားတာ သတင်းရလို့ပေါ့နော်၊ ရောက်တဲ့ အချိန်က ဆုံးနေပြီဗျ၊ ပွဲချင်းပြီးပဲ ထင်တယ်၊ အဲဒီမှာ မိသားစုဝင်တွေပဲ၊ ကလေးသုံးယောက်နဲ့ သူ့အမေပေါ့” လို့ ကမ်းလင့်လက်များ လူမှု ကူညီရေးအသင်းဥက္ကဌ ဦးကိုကိုနိုင်က ပြောပါတယ်။

လားရှို့မြို့နယ်အတွင်း ဟက်ကာ ကျေးရွာက နေအိမ်တအိမ်မှာ အဲ့ဒီလို သေဆုံးမှုဖြစ်ခဲ့တာဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေသားတွေ ပျော့ကျသွားရာကနေ အိမ်အနောက်ဘက်ကပ်ရပ်မှာရှိတဲ့ ခြံစည်းရိုး အုတ်တံ တိုင်းက သွပ်မိုးထရံကာနေအိမ်အပေါ်ကို ပြိုကျခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့သူတွေဟာ အသက် ၄၀ နှစ်ဝန်းကျင်အရွယ်မိခင်ဖြစ်သူနဲ့အတူ အသက် ၁၀ နှစ်ကျော်နဲ့ ၁၀ နှစ် အောက်အရွယ် ညီအကို သုံးဦး စုစုပေါင်း သားအမိလေးဦးဖြစ်တယ်လို့သိရပါတယ်။

“အဲ့အနားမှာ တခြားအိမ်တွေတော့ ရှိပါတယ်၊ သူတို့အိမ်တလုံးပဲထိတာပါ၊သူတို့နေတဲ့နေရာဘက်က နည်းနည်း လေးအနိမ့်ဘက်ကျတယ်၊ အဲဒီရွာက မြေတွေကလည်း မြေနီတွေ၊ ပျော့ပြီး ပွတာပေါ့နော်၊ နောက်မနေ့က မိုးများ တဲ့အခါကျတော့ အောက်ခြေက တိုက်စားပြီးတော့ ခြံစည်းရိုးကာထားတဲ့ အုတ်တံတိုင်းက ပြိုကျသွားတာ”လို့ အဲဒီ လူမှုကူညီရေးအသင်းဥက္ကဌက ပြောပါတယ်။

သေဆုံးသွားတဲ့ ရုပ်အလောင်းကိုတော့ လားရှိုးပြည်သူ့ဆေးရုံးကြီး၊ အရေးပေါ်ဌာနကနေ တဆင့် ရင်ခွဲရုံကိုဒေသခံ လူမှုကူညီရေးအသင်းတွေက ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။ 

photo လားရှိုး လူငယ်များ လူမှုကူညီရေးအသင်း