ကလေးမြို့နယ်မှာ လက်နက်ကြီးထိလို့ စစ်ရှောင်အမျိုးသမီးတဦးသေဆုံး၊တဦးဒဏ်ရာရ

 

 

ဇွန် ၊ ၁၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ရေလဲဦးကျေးရွာဘက်ကို ကလေးမြို့ပေါ်က စစ်ကောင်စီတပ်က ဇွန် ၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်ကစပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက်စစ်ဘေးရှောင်အမျိုးသမီးတဦးသေဆုံးပြီး အမျိုးသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

” အသက်ငါးဆယ်ကျော်အမျိုးသမီးတဦး ဗိုက်ကိုမှန်ပြီးသေတယ်၊အမျိုးသားကလည်းဗိုက်ကိုထိတာပဲ နံရိုးတွေထိသွားလို့ ဆေးကုသမှုခံနေရတယ်” လို့ဒေသခံတဦးကပြောပါတယ်။

ကလေးမြို့နယ်အတွင်းကကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ရက်ဆက်ပစ်ခတ်နေတာလို့ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ ဇွန် ၁၀ ရက်မနက်ပိုင်းမှာလည်း ကလေးမြို့ နယ်တောင်ပိုင်းအစွန် ကြံသာကျေးရွာက စစ်ကောင် စီတပ်ဟာ တင်သား၊ရှားဖိုကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

” ဒီနေ့မနက် တောက်လျှောက်ပစ်နေတာ၊ရှားဖို ရွာဝန်းကျင်တွေကျတာခုနစ်ချက်လောက်ရှိနေပြီ၊ ပြည်သူတွေပြေးတာမျိုးတော့မရှိဘူး၊လက်နက်ကြီးတော်တော်တန်တန်ထုတာတော့ မပြေးကြတော့ဘူး” လို့ ကလေးတောင်ပိုင်းဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီဟာ ကလေးမြို့နယ်ကျေးရွာတွေကိုလက်နက်ကြီးတွေနေ့စဥ်အဆက်အပြတ်ပစ်ခတ်နေတာဖြစ်ပြီး မေလ ၁ ရ​က်ကနေ ဒီကနေ့ ဇွန်လ ၁၀ ရက်အထိ  လေကြောင်းပစ်ခတ်မှုတခုအပါအဝင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်သူ သုံးဦးသေဆုံးပြီး သုံးဆယ်ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ကလေးမြို့တောင်ဘက်အထွက် ဇင်းကလင်းရွာမှာလည်း စစ်ကောင်စီကအထိုင်ချစခန်းပြုလုပ်နေတာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာမှုတွေဖြစ်နေပြီး  ဇင်းကလင်း၊ချင်းဆိုင်၊သာစည်ကျေးရွာတွေက ပြည်သူအများစုဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တိမ်းရှောင်ခဲ့ကြရတယ်လို့သိရပါတယ်။ 

စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ဇင်းကလင်းကျေးရွာကနေ တိမ်းရှောင်သွားသူတွေရဲ့နေအိမ်က ပစ္စ ည်းတွေကိုယူဆောင်ကြသလို ကျေးရွာတွင်းမှာကျန်ရစ်ခဲ့သူတွေကို ရွာကနေထွက်ခွင့်မပြုတော့ဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။

အခုလိုဒေသတွင်းမှာ စစ်ရေးတင်းမာမှုတွေရှိနေတာကြောင့် ကလေးမြို့နယ်တောင်ပိုင်းနဲ့မြို့ပေါ်ကိုကားတွေသွားလာမှုမရှိတာ တပတ်လောက်ရှိပြီလို့ ဒေသခံတွေကပြောပါတယ်။

” ကားကဘယ်ဘက်ကပိတ်တယ်လို့ မဟုတ်ဘူး၊ ဇင်းကလင်းဘက် စစ်သားတွေလာတယ်ဆိုက တည်းကမသွားကြတာ၊စကစ က ကလေးတောင်ပိုင်းရိက္ခာဖြတ်မယ်၊သွားလာမှုဖြတ်မယ်ဆိုတဲ့သတင်းတွေလည်းထွက်နေတယ်၊ စောင့်ကြည့်ရုံပဲတတ်နိုင်တယ်” လို့ ကလေးမြို့နယ်တောင်ပိုင်းဒေသခံတဦးကပြောပါတယ်။

 photo-CJ