ညောင်ပင်ကြီး ရဲစခန်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကျဆုံးပြီး စစ်သား​နှစ်ဆယ်ကျော်သေ

ဇွန် ၊ ၁၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာရဲစခန်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကျဆုံးပြီး စစ်ကောင်စီတပ်သားနှစ်ဆယ်ကျော်သေဆုံးခဲ့တာကြောင့်  စစ်ကောင်စီက Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ ခြောက်ကြိမ်လာရောက်ဗုံးကြဲသွားတယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။ 

“စခန်းထဲမှာအလောင်းတွေကိုထပ်လို့ နှစ်ဆယ်ကျော်လောက်တော့ရှိမယ်၊အရှင်သုံးယောက်တော့ဖမ်းမိထားတယ်၊လက်နက်ကြီး ထိလို့ ဒေသခံပြည်သူတဦး နဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး မစိုးရိမ်ရဒဏ်ရာရထားသေးတယ်၊လက်နက်တွေတော်တော်များများရလိုက်တယ်၊တိုက်ပွဲသတင်းတော့မထုတ်ပြန်သေးဘူး“ လို့ သူကပြောပါတယ်။ 

ညောင်ပင်ကြီးရဲစခန်းကို ဒေသကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့တွေက မနေ့က ညနေပိုင်းမှာ သွား ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်မှာ မုံရွာဘက်ကမ်းကနေ ကားသုံးစီးနဲ့စစ်ကူပေးဖို့လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို မြစ်ကြောင်းအတွင်း ဇက်ကူးနေချိန်မှာ လက်နက် ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ကမ်းကိုမကပ်နိုင်ဘဲပြန်ဆုတ်သွားခဲ့တယ်လို့လည်းဆိုပါတယ်။ 

ဆားလင်းကြီးနဲ့ မုံရွာမြို့တို့ဟာ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းနဲ့အနောက်ဘက်ကမ်းတွေပေါ်မှာ ရှိနေကြတာဖြစ်ပါတယ်။

“ ဒီတိုက်ပွဲမှာ ကျွန်တော်တို့နိုင်ခဲ့တာဂုဏ်ယူစရာကောင်းတယ်လို့ပြောရမယ်၊ မုံရွာဘက်ခြမ်း ၊ ဝမ်ပေါင်ထဲက စစ်အုပ်စု ၊ ကျောက်မျက်တောင်ဘက်ကစစ်ကြောင်းအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေကြားထဲကနေကျွန်တော်တို့စခန်းသိမ်းမီးရှို့နိုင်ခဲ့တာ” လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကပြောပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်တွေလေ ကြောင်းပစ်ခတ်မှုကြောင့် နေအိမ်မီးလောင်တာတွေရှိသလို့မနေ့ကညပိုင်းကမုံရွာကနေကူးလာတဲ့စစ်ကောင်စီတပ်တွေကမီးရှို့တာကြောင့်လည်းဒေသခံပြည်သူတွေနေအိမ်မီးလောင်ခဲ့တယ်လို့ သူကပြောပါတယ်။ 

ဒီကနေ့ ဇွန်လ၁၀ရက်မနက်ပိုင်းမှာတော့ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေဟာ မုံရွာဘက်ကမ်းကနေ တင့်ကားတစီးအပါအဝင် အင်အား၁၀၀ကျော်လောက် ဆားလင်းကြီးဘက်ကို ဇက်နဲ့ကူးဖို့ပြင်နေတယ်လို့လည်းသိရပါတယ်။

တိုက်ပွဲ ဖြစ်ခဲ့တဲ့ ညောင်ပင်ကြီးရွာကိုလည်း ဒီကနေ့ မနက်ပိုင်းအထိစစ်ကောင်စီက မီးရှို့ဖျက်ဆီး နေ တယ်လို့ ဒေသတွင်းသတင်းရင်းမြ စ်တွေဆီက သိရပါတယ်။

မနေ့က နှစ်ဘက်တိုက်ပွဲနဲ့ စစ်ကောင်စီဘက်က လေ ကြောင်း၊လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ညောင်ပင်ကြီး အုပ်စုအပါအဝင်ဆားလင်းကြီး မြို့နယ်ထဲကရွာ ၃၀ကျော်ကဒေသခံသုံးသောင်းဝန်းကျင်လောက်စစ်ရှောင်နေရတယ်လို့လည်းသိရပါတယ်။

Photo ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေး

ပုံစာ – တိုက်ပွဲ ဖြစ်ခဲ့တဲ့ ညောင်ပင်ကြီးရွာမီးရှို့ခံနေရစဥ်